ဘီဘီစီသတင်းထောက် အယူခံအတွက်ပြင်ဆင်နေပြီ

  • 8 ဇွန် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption သတင်းထောက်ကို အရေးယူပေမယ့် ရဲကို အရေးမယူဘူးလို့ ဝေဖန်မှုတွေရှိ

မနှစ်က ကျောင်းသား ဆန္ဒပြမှု တွေအတွင်း မန္တလေးမြို့မှာ တာဝန်ကျ ရဲဝန်ထမ်းကို နာကျင် စေမှုနဲ့ မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် သုံးလ ကျခံနေရတဲ့ဘီဘီစီ သတင်းထောက် ကိုနေလင်းဟာ ထောင်ထဲမှာ ကျန်းကျန်းမာမာ ရှိပြီး အဆင်ပြေတယ်လို့ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ သူ့ဇနီး မဇာနည်မာန် က ပြောပါတယ်။

ကိုနေလင်းရဲ့ အယူခံ အတွက် သူ့ရှေ့နေက ပြင်ဆင်နေပြီ ဖြစ်ပြီး လာမယ့် တစ်ပတ်လောက်မှာ အယူခံ တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ပြစ်ဒဏ်ချမှတ် စဉ်က အလုပ်နဲ့ ထောင်ဒဏ် လို့ တရားသူကြီးက ဆုံးဖြတ် ခဲ့ပေမယ့် ထောင်ထဲမှာ အလုပ်မခိုင်း ဘူးလို့ ထောင်ပိုင်ကြီးက ပြောကြောင်း မဇာနည်မာန်က ဆိုပါတယ်။

ကိုနေလင်းဟာ ညာဖက် မျက်လုံးမှာ ရေတိမ် ရှိနေပြီး ထောင်မကျ ခင်က ဆေးစစ် မခံခဲ့ရဘူး လို့ လည်းသူက ပြောပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ဆေးဝါး အကုန်လုံး ပေးခွင့်ရတယ် လို့လည်း ဆိုပါတယ်။

မဇာနည်မာန် ဟာ ကိုယ်ဝန် ရှိနေပြီး အောက်တိုဘာ လဆန်းမှာ မီးဖွား မယ်လို့ ဆရာဝန်က ပြောထားကြောင်း နဲ့ သူ့ရဲ့ ကျန်းမာရေးလည်း ကောင်းမွန်နေတယ် လို့ပြောပါတယ်။

ထောင်ဝင်စာ တွေ့ခွင့် တပတ်ကို တကြိမ် ဖြစ်ပေမယ့် တနင်္လာနေ့ ကနေ စနေနေ့ အထိ အဆင်ပြေတဲ့ ရက်မှာ တွေ့လို့ ရနိုင်ကြောင်း၊ လူမတွေ့ဘဲ ပစ္စည်းတွေ ပို့တာမျိုးလည်း ခွင့်ပြု ထားတယ်လို့ သူကဆိုပါတယ်။

ကိုနေလင်းကို အလုပ်နဲ့ ထောင်ဒဏ် သုံးလ အပြစ်ပေး ခဲ့တာဟာ ပြင်းထန်လွန်းတယ် လို့ မြန်မာနိုင်ငံခြားသတင်းထောက်များ အသင်း FCC က ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

မြန်မာ သတင်းထောက်များ အသင်း MJA ကလည်း အလားတူ ကြေညာချက် တရပ်ကို ဗုဒ္ဓဟူးနေ့ တုန်းက ထုတ်ပြန် ခဲ့တယ်လို့ မဇာနည်မာန်က ဘီဘီစီကို ပြောခဲ့ ပါတယ်။