NLD လစ်လပ် အလုပ်အမှုဆောင် အဆင့်ဆင့် ရွေးမယ်။

  • 8 ဇွန် 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လွှတ်တော်အသီးသီးမှာ ပါဝင်နေတဲ့ အလုပ် အမှုဆောင် အဖွဲ့ဝင်တွေကိုတော့ သူတို့ရဲ့ မူလနေရာမှာ ပြန် အသိအမှတ်ပြု ထည့်သွင်းပေးမယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လစ်လပ်နေတဲ့ အလုပ်အမှုဆောင် အဖွဲ့ အဆင့်ဆင့် ရွေးချယ်မှုတွေကို ဇွန်လလယ်ကနေ စလုပ်သွားမယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် အသီးသီးမှာ ပါဝင်နေကြတဲ့ အလုပ်အမှုဆောင် အဖွဲ့၀င်တွေကို သူတို့ရဲ့ မူလနေရာမှာ ပြန်အသိအမှတ်ပြု ထည့်သွင်းပေးမှာ ဖြစ်ပြီး အဲဒီလို ထည့်သွင်းပြီးမှသာ ကျန်လစ်လပ်နေတဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် အဆင့်ဆင့်ကို ပြန်ရွေးချယ် တင်မြှောက်မယ်လို့ ဖော်ပြထားပါတယ်။

အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ရာမှာ အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခြင်း ခံထားရသူတွေ၊ အဖွဲ့ချုပ် စည်းမျဉ်း စည်းကမ်းတွေအရ အရေးယူ အပြစ်ပေး ခံနေရသူတွေ၊ အဖွဲ့ချုပ်ထဲကနေ နှုတ်ထွက်သွားသူတွေ၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွေမှာ တသီးပုဂ္ဂလ အနေနဲ့ ဖြစ်စေ၊ ပါတီ အဖွဲ့အစည်း တခုခုကို ကိုယ်စားပြုပြီး ဖြစ်စေ ဝင်ပြိုင်ခဲ့သူတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ပါဝင်ကူညီခဲ့သူတွေ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေအရ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေမှာ အလုပ် အမှုဆောင်အဖြစ် ပါဝင်နေသူတွေကို ထည့်သွင်း စဉ်းစားခြင်း မပြုဘူးလို့ သိရပါတယ်။

အလုပ်အမှုဆောင် အဖွဲ့ အဆင့်ဆင့် ရွေးချယ်မှုတွေကို ဇွန်လ ၁၅ရက်နေ့ကစပြီး ပြည်နယ်နဲ့ တိုင်း ဒေသကြီး အလုပ်အမှုဆောင် အဖွဲ့ဝင် ရွေးချယ်တာတွေကို စပြုလုပ်ပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အလုပ်အမှုဆောင် အဖွဲ့ဝင် ရွေးချယ်မှုတွေကို သြဂုတ်လ ၁၄ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ ခေါင်းဆောင် တချို့ အစိုးရ အဖွဲ့ထဲမှာ ပါဝင်နေတဲ့အတွက် NLDပါတီကို အတွင်းရေးမှူး ၅ဦးအဖွဲ့က ဦးဆောင်ပြီး ဆောင်ရွက်နေပါတယ်။