၂၁ ရာစု ပင်လုံညီလာခံမှာ ဘာတွေ ပြောကြမလဲ

  • 10 ဇွန် 2016
panglong
Image caption ၂၁ရာစု ပင်လုံညီလာခံ ကျင်းပရေး ဆွေးနွေးပွဲ တခု

ကချင်နဲ့ ရှမ်း လက်နက်ကိုင်တပ်ဖွဲ့ တွေ ဟာ ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးနိုင်မယ့်အချက်တွေ ကို ကြိုတင် ညှိနှိုင်း ခဲ့ကြ ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ က ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နဲ့ ၈ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

၂၁ ရာစုပင်လုံညီလာခံ ကျရင် အခြေခံအချက်တွေ အဖြစ် ဆွေးနွေးနိုင်အောင် စာမျက်နှာ ၁၂ မျက်နှာပါ ပင်လုံလက်စွဲ ဆိုတဲ့ စာတမ်း ကို ပူးပေါင်းရေးခဲ့ကြတယ်လို့ အဲဒီဆွေးနွေးပွဲ ကိုတက်ရောက်တဲ့ ကိုယ်စားလှယ် တယောက်ဖြစ်တဲ့ ဦးခွန်ဆိုင်း က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီပင်လုံလက်စွဲမှာ အရင် ၁၉၄၇ ပင်လုံစာချုပ်တုန်း က ကတိကဝတ် တွေလည်း ပါသလို တချို့ကိုပြန်ပြုပြင်ထားတာတွေ ရှိတယ်လို့ သူ က ပြောပါတယ်။

ဒီ ပင်လုံလက်စွဲ ပါ အချက်တွေ ကို ကျန်တဲ့တိုင်းရင်းသား အဖွဲ့တွေ နဲ့ ဆက်လက် ဆွေးနွေးသွားမယ် လို့လည်း သူ က ပြောပါတယ်။