ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဦးစားပေးမယ်

  • 10 ဇွန် 2016
Image caption ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ရဲ့ သတင်းစာရှင်းလင်းပွဲ

အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် အောင်မြင်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောပါတယ်။

ဒုတိယအကြိမ်ပထမပုံမှန်အစည်းအဝေး အပြီး ဇွန်လ ၁၀ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းမြင့်က ပြောလိုက်တာဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်စဉ်ကတည်းက တရားဥပဒေစိုးမိုးရေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဆောင်ရွက်မယ်လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ကြွေးကြော်ခဲ့ပေမဲ့ ဘယ်ကဏ္ဍကို ဦးစားပေးဆောင်ရွက်မယ်ဆိုတာမျိုး အရင်က ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

အခုတော့ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရပြီးတော့မှ အခြေခံဥပဒေပြင်ဆင်ရေးလုပ်တာဟာ ပိုပြီးအဆင်ပြေနိုင်မယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်က ပြောဆိုခဲ့ပါတယ်။

ဘယ်လောက်ပဲ အများစုအသာရရ၊ အမျိုးသားပြန်လည်သင့်မြတ်မှုမရှိဘဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒီ ၅ နှစ်သက်တမ်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရေး ဦးစားပေးပြီး အောင်မြင်အောင်လုပ်မယ်လို့ ဦးဝင်မြင့်က ပြောပါတယ်။

ဒီလို NLD ကလုပ်ဆောင်မဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေ အောင်မြင်ဖို့အတွက် တပ်မတော်ဟာ အဓိက အကျဆုံး ကဏ္ဍက ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာရခဲ့တဲ့အချိန်ကလည်း ဖွဲ့စည်းပုံပြင်ရေး ဆောင်ရွက်ရာမှာ တပ်မတော်က သဘောမတူတဲ့အတွက် မအောင်မြင့်ခဲ့ပါဘူး။

လက်ရှိအနေအထားမှာ တပ်ဘက် အရပ်ဘက် ဆက်ဆံရေးဟာ အရေးကြီးပြီး ဖွဲစည်းပုံပြင်ဆင်ရေးမှာ တပ်ရဲ့ သဘောထားအပေါ် အများကြီး မူတည်နေတယ်၊ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးပြီး အရင်လုပ်တာဟာ နိုင်ငံအတွက် အကောင်းဆုံးဖြစ်တယ်လို့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောပါတယ်။

ဒါပေမယ့် လက်ရှိမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတွေ အများအပြားရှိနေတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ပြောမယ်ဆိုရင် ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုပါ ထည့်စဉ်းစားဖို့လိုတယ်။ တခုပြီးမှ တခု သွားမယ်လို့ ယတိပြတ်ပြောတာမျိုးဟာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အလုပ်ဖြစ်ပါ့မလားလို့ ယူဆကြောင်း၊ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အခု ပြည်သူလွှတ်တော်ဥက္ကဌ ပြောသလို ၅ နှစ်သက်တမ်းအတွင်း အဆင်ပြေဖို့ ခဲယဉ်းတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက သုံးသပ်ပြောဆိုခဲ့ပါတယ်။

NLD ပါတီအနေနဲ့တော့ အာဏာရရှိလာတဲ့အချိန်ကစလို့ အမျိုးသားပြန်လည်သင်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်နေပေမယ့် အခြေခိုင်ဖို့ကိုပဲ မနည်း ကြိုးစား နေရတဲ့အနေအထားဖြစ်နေပါတယ်။