ကရင် ပြည်တွင်း ဒုက္ခသည်တွေကို မိုးတွင်းအကုန်မှာ နေရာအပြီး ချထားနိုင်ဖို့ မျှော်လင့်နေ

  • 11 ဇွန် 2016
karen_idp_resettlement
Image caption လေးကေ့ကော် မှာတော့ အိမ်ခြေ ၅ဝဝ ဆောက်လုပ်ပြီးစီး နှင့်ပြီး ရေမီး အသင့် ရှိနေပြီ။

ကရင် ပြည်နယ် ထဲ ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည် တွေကို ထိုင်း မြန်မာ နယ်စပ် တလျှောက် နေရာ ၆ နေရာ မှာ ဂျပန် နိုင်ငံက ပရဟိတ အဖွဲ့ တစ်ခု ရဲ့ အကူ အညီနဲ့ အတည်တကျ နေရာ ချ ထား ပေးမှာ ဖြစ်တယ်လို့ ဒေသခံ ကရင်လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ က ပြောပါတယ်။

အခု မိုးရာသီ ကုန်ဆုံးလို့ ခြောက်သွေ့ ရာသီ ရောက်လာရင် ဒုက္ခသည်တွေ အတွက် အိုးအိမ် အသစ်တွေ အားလုံး အဆင်သင့် ဖြစ်တော့မယ် ဆိုပြီး အလှူရှင် နိပွန် ဖေါင်ဒေးရှင်း ဥက္ကဌ မစ္စတာ ရှီဂဲရူ ဆာတို နဲ့ တွေ့ဆုံကြတဲ့ ကရင် လက်နက်ကိုင် အဖွဲ့တွေ က ဆိုပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက်က ထာ့ဆောင်းယန်မြို့နဲ့ မျက်နှာချင်းဆိုင် မြန်မာဘက် ခြမ်းမှာ ၂ နေရာ၊ မဲ့လမတ်မြို့ တဘက်ခြမ်းမှာ ၂ နေရာ၊ မြ၀တီမြို့တောင်ဘက် လေးကေ့ကော် မှာ ၁ နေရာနဲ့ ဘုရားသုံးဆူဘက်မှာ ၁ နေရာ စုစုပေါင်း ၆ နေရာမှာ အိုးအိမ်သစ်တွေ ဆောက်လုပ် နေတာ ဖြစ်တယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဆောက်လုပ်နေတဲ့ အိမ်အရေအတွက် နဲ့တန်ဖိုး စတဲ့ အသေးစိတ် အချက်အလက်တွေကို အလှူရှင်နဲ့ အလှူလက်ခံသူ နှစ်ဘက်စလုံးက ထုတ်မပြော ပေမယ့်၊ မြ၀တီမြို့ တောင်ဘက် လေးကေ့ကော် မှာတော့ အိမ်ခြေ ၅ဝဝ ဆောက်လုပ်ပြီးစီး နှင့်ပြီး ရေမီး အသင့် ရှိနေပြီ လို့ KNU အရာရှိ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ကျန်တဲ့ နေရာတွေ မှာလည်း ၄၀% ဝန်းကျင် ပြီးစီးနေပြီး လာမယ့် ခြောက်သွေ့ ရာသီမှာ အပြီး သတ် နိုင်ဖို့ မျှော်လင့် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ