ရခိုင်မှာ မိုးကြီး လေပြင်းတိုက်

ဓာတ်ပုံ မူပိုင် AP
Image caption ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရခိုင်ပြည်နယ် တဝှမ်း ရေကြီးရေလျှံခဲ့

မြန်မာနိုင်ငံတဝှမ်းမှာ အခု ရက်ပိုင်းအတွင်း မိုးသည်းထန်နေရာမှာ ရခိုင်ပြည်နယ်မှာတော့ မိုးတွေ ရွာတဲ့အပြင် လေပြင်းတွေပါ တိုက်ခတ်နေပြီး ခါတိုင်း နှစ်တွေကထက် မိုးကြီးနေပါတယ်။

မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ အထဲမှာ လေပြင်းတွေပါ တိုက်ခတ်နေတဲ့ အတွက် လမ်းပန်း ဆက်သွယ်ရေးတွေ အကုန်လုံး ပြတ်တောက်နေပါတယ်။

ပင်လယ်ပြင်မှာ ၃၅မိုင်နဲ့ အထက် လေပြင်းတိုက်ရင် ခရီးသွားလာမှုတွေကို သက်ဆိုင်ရာက ရပ်ဆိုင်းထားခိုင်းလေ့ ရှိပြီး အခုလည်း သင်္ဘော၊ မော်တော်ဘုတ်၊ အမြန်ယာဉ် သွားလာမှုတွေကို ရပ်နားခိုင်းထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်း ဒုဦးစီးမှူး ဦးကျော်ထင်က ပြောပါတယ်။

စစ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့ အတွက် ရန်ကုန်က လေယာဉ်တွေလည်း စစ်တွေ လေဆိပ်ကို မဆင်းနိုင်ပဲ ခရီးသည် ရာနဲ့ ချီပြီး သောင်တင်နေပါတယ်။

အမ်းမြို့နယ် သလူမော် ကျေးရွာမှာတော့ ရေတာတမံ ကျိုးသွားပြီး ရွာထဲကို ရေတွေ ဝင်လာရာမှာ အသက် ၉ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးသွားခဲ့တယ်လို့ အမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ဘီဘီစီကို ပြောပြပါတယ်။

နောက်ထပ် နှစ်ရက်လောက် မိုးဆက်ကြီးနိုင်တယ်လို့ ခန့်မှန်းထားတဲ့ အတွက် ဒီထက် အခြေအနေ ပိုဆိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။