မြန်မာကလေး ၅ ဦးမှာ ၁ ဦးက အလုပ်လုပ်နေရ

  • 12 ဇွန် 2016
child labour ဓာတ်ပုံ မူပိုင် childlabour
Image caption မြန်မာမှာ ကလေးလုပ်သား ၁ သန်းခွဲ ကျော်ရှိ

မြန်မာနိုင်ငံမှာ ကလေးသူငယ် ၅ ယောက်တိုင်းမှာ တစ်ယောက်လောက်က လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရပါတယ်။

အသက် ၁၀ နှစ်က ၁၇ နှစ်ကြားရှိတဲ့ ကလေး ၁ သန်းခွဲ ကျော်က အလုပ်လုပ်နေရပြီး ဒါဟာဆိုရင် ကလေးသူငယ် စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းရှိပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းကို အခြေခံပြီးတော့ ကုလသမဂ္ဂ ကလေးသူငယ်များ ဆိုင်ရာ ရံပုံငွေအဖွဲ့ (ယူနီဆက်)ကနေ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမား စေခိုင်းမှုပပျောက်ရေးနေ့မှာ အဲဒီကိန်းဂဏန်းတွေနဲ့အတူ သတိပေး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို ကလေးသူငယ်တွေ အလုပ်လုပ်နေရတာဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ အခြေခံပညာ မသင်ကြားနိုင်မှု နဲ့ လုပ်ငန်းရှင်တွေနဲ့ မိဘတွေရဲ့ အသိပညာ အားနည်းမှုအပြင် အစိုးရပိုင်းဘက်က ဥပဒေအတိုင်း မဆောင်ရွက်နိုင်မှုတွေကြောင့် ဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က တာဝန်ခံ ဒေါ်အိရွှေစင်ညွန့်က ပြောပါတယ်။

တကယ်လို့ ကလေးသူငယ်ဥပဒေ ပြန်လည် ပြင်ဆင်ပြီး အနိမ့်ဆုံး အသက် သတ်မှတ်ချက် ၁၄ နှစ် သတ်မှတ်နိုင်တဲ့အခါ ကလေးသူငယ်တွေကို ပိုမိုကာကွယ်နိုင်မှာ ဖြစ်ပေမယ့် အဲဒီအခါ ကလေးသူငယ်တွေကို အလုပ်ထဲက ထုတ်ပစ်ရုံနဲ့ ပြဿနာ မပြေလည်နိုင်သေးကြောင်း၊ အားလုံးညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ လိုသေးကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ