အပစ်မရပ်သေးတဲ့ အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါအောင်လုပ်မယ်

  • 12 ဇွန် 2016
Image caption ဝနဲ့ မိုင်းလား အဖွဲ့တွေကို သွားရောက်တွေ့ဆုံဖို့တွေ ရှိ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစု ပင်လုံ မှာ ဆွေးနွေးဖို့ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်တဲ့ ညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ( ၁ ) ရဲ့ ညှိနှိုင်း အစည်းအဝေးဟာ ဇွန် ၁၂ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

(၄)ရက်ကြာ ကျင်းပတဲ့ ဒီအစည်းအဝေးကို ဒေါက်တာ တင်မျိုးဝင်း၊ စစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တပ်ကိုယ်စားလှယ်တွေအပြင် အပစ်ရပ် လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့နဲ့ တနိုင်ငံလုံးအပစ်ရပ် စာချုပ် လက်မှတ် ရေးထိုးပြီး ရက်ပေါင်း (၆၀)အတွင်း ရေးဆွဲခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည် သုံးသပ်ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အရင်မူဘောင်မှာ ရှိတဲ့ အားနည်းချက် အားသာချက်၊ မူဘောင် ဆွေးနွေးပွဲ ခေါင်းစဉ်တွေ နဲ့ အကြောင်းအရာတွေကို ပိုမိုကျစ်လစ်စေဖို့၊ ပြန်လည်သုံးသပ်တာ ဖြစ်တယ်လို့ (၂၁)ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ( ၁ ) က ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစု ပင်လုံ အကြို ပြင်ဆင်ရေး အတွက် ဆပ်ကော်မတီ(၂)ခု ဖွဲ့ထားပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ဆပ်ကော်မတီ (၁)မှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် (၈) ဖွဲ့နဲ့ ကိုယ်စားလှယ်တွေပါပြီး ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ဆပ်ကော်မတီ (၂)မှာတော့ အပစ်ရပ် လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ညှိနှိုင်းနေတဲ့ ကိုယ်စားလှယ် အဖွဲ့တွေပါပါတယ်။

အခုလို နိုင်ငံရေးမူဘောင်ကို သုံးသပ်တဲ့ ဆွေးနွေးပွဲကို ဆပ်ကော်မတီ (၁) က လုပ်တာ ဖြစ်ပါတယ်။

ဇူလိုင် လဆန်းမှာ ပြုလုပ်မယ့် နိုင်ငံရေး မူဘောင် သုံးသပ် ဆွေးနွေး ပွဲမှာတော့ အပစ်ရပ်လက်မှတ်မထိုးတဲ့ အဖွဲ့တွေပါလာဖို့ ဆပ်ကော်မတီ (၂)ကနေ ညှိနှိုင်းနေတယ်လို့ ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) က ဦးလှမောင်ရွှေက ပြောပါတယ်။

လောလောဆယ်မှာ ဆပ်ကော်မတီ (၂)ဟာ အပစ်မရပ်သေးတဲ့ အဖွဲ့တွေထဲက ဝနဲ့ မိုင်းလား အဖွဲ့တွေကို သွားရောက်တွေ့ဆုံဖို့တွေ ရှိနေပြီး တခြားအဖွဲ့တွေကိုလည်း သွားရောက်တွေ့ဆုံ ညှိနှိုင်းဖို့တွေ ရှိနေပါတယ်။

အခု နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ် ညှိနှိုင်းတဲ့အဆင့်နဲ့ မူကြမ်းရေးဆွဲတဲ့ အဆင့်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ရော မထိုးထားတဲ့အဖွဲ့တွေရော ပါလာဖို့ လုပ်ဆောင်နေတာ ဖြစ်ပြီး မူဘောင်တွေကို ပြင်ဆင် အတည်ပြုမယ်ဆိုရင်တော့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကပဲ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ