သတင်း ရရှိပိုင်ခွင့် ဥပဒေ မကြာခင် ထွက်လာဖို့ မျှော်လင့်နေ

press_myanmar_ ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ ဌာန ဆိုင်ရာတွေ ဆီကသတင်း ရယူတဲ့ နေရာမှာ အဟန့်အတားတွေ၊ အကန့်အသတ် တွေ ရှိနေဆဲ ဖြစ်။

မြန်မာ နိုင်ငံမှာ သတင်း ရရှိပိုင်ခွင့် ဥပဒေ တစ်ရပ် မကြာခင် ပြဌာန်း လာဖို့ ရှိနေပြီး၊ အဲဒီ့ ဥပဒေ သာ ပေါ် ပေါက် လာခဲ့ပြီ ဆိုရင် မီဒီယာ သမားတွေရဲ့ မေးခွန်းတွေကို အစိုးရ တာဝန် ရှိသူတွေ ဘက်က မဖြစ်မနေ ဖြဆို လာရတော့မှာ ဖြစ်တယ် လို့ မြန်မာ သတင်းမီဒီယာ ကောင်စီ က ပြောပါတယ်။

ဒါဟာ မြန်မာ မီဒီယာ လောက အတွက် အင်မတန် ရေးကြီးတဲ့ တိုးတက်မှု တစ်ရပ် ဖြစ်တယ်လို့ မြန်မာ သတင်းမီဒီယာ ကောင်စီ ရဲ့ ဒုဥက္ကဌ နေရာကို လောလော လတ်လတ် ရရှိလာသူ ဦးအောင်လှထွန်းက ဆိုပါတယ်။

ဦးဖေမြင့် ပြန်ကြားရေး ဝန်ကြီး ဖြစ်သွား ပြီးတဲ့နောက်၊ မြန်မာ သတင်းမီဒီယာ ကောင်စီ ရဲ့ လစ်လပ်နေတဲ့ ဒုဥက္ကဌ နေရာ အတွက် ရိုက်တာ သတင်းထောက် ဦးအောင်လှထွန်းကို ဇွန်လ ၁၂ ရက်က ရွေးချယ် ခဲ့ကြတာ ဖြစ်ပါတယ်။

သူဟာ နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိတဲ့ သတင်းသမား တစ်ဦးဖြစ် ပြီး၊ သတင်း မီဒီယာ ကောင်စီ အဖွဲ့ဝင် ဖြစ်လာဖို့ သူရ ဦးရွှေမန်းက ပြည်သူ့ လွှတ်တော် ဥက္ကဌ ဘဝက အဆိုပြု ခဲ့သူ ဖြစ်ပါတယ်။

မြန်မာ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင်ဖို့ ရည်ရွယ် ဖွဲ့စည်းထားတဲ့ သတင်း မီဒီယာ ကောင်စီမှာ စာနယ်ဇင်း သမားတွေ နဲ့အတူ အသိပညာရှင် အတတ်ပညာရှင် တွေပါ ပါဝင် ပြီး အဖွဲ့ဝင် ၂၃ ဦး ရှိနေပါတယ်။

လက်ရှိ အစိုးရ လက်ထက်မှာ သတင်း မီဒီယာ လောက အနည်းငယ် ဖွံ့ဖြိုး တိုးတက် လာတယ်လို့ ဆိုရ ပေမယ့် အစိုးရ ဌာန ဆိုင်ရာတွေ ဆီကသတင်း ရယူတဲ့ နေရာမှာ အဟန့်အတားတွေ၊ အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ