ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော်

  • 13 ဇွန် 2016
Monks Rohingya
Image caption ပခုက္ကူက ဆန္ဒပြပွဲ

ပခုက္ကူမြို့မှာ သံဃာတော်တွေအပါအဝင် လူပုဂ္ဂိုလ် ထောင်ဂဏန်းလောက်ဟာ မြန်မာပြည်မှာ ရိုဟင်ဂျာ မရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်က တခြားမြို့ကြီးတွေမှာ ဆန္ဒဖော်ထုတ်တာ ရှိပေမယ့် ပခုက္ကူမှာ ပထမဆုံးအကြိမ် ကြီးကြီးမားမားဆန္ဒဖော်ထုတ်ကြတာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးဆိုပြီး ပြောရမယ့် တာဝန်ရှိတာကို ပြောနိုင်အောင် ဆန္ဒဖော်ထုတ်ပြီး တွန်းအားပေးတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ပြီး အမျိုးသားရေးလှုပ်ရှားမှုကွန်ရက်မှာပါတဲ့ ရှင်မတောင်ဆရာတော် ဦးကဝိန္ဒောဘာသက မိန့်ပါတယ်။

ပါတီနိုင်ငံရေး ကင်းရှင်းသော အမျိုးသားနိုင်ငံရေးအင်အားစုက စီစဉ်ကျင်းပတာဆိုပြီးလည်း ဆန္ဒပြစဉ် စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒါဟာ နိုင်ငံရေးအရ ဖိအားပေးတာမျိုးမဟုတ်ပဲ အစိုးရဘက်က တာဝန်ရှိတာကို တာဝန်ကျေအောင် ဆောင်ရွက်ဖို့ ပြောတာသာ ဖြစ်တယ်လို့ ဦးကဝိန္ဒောဘာသက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာရောက်စဉ် သတင်းစာရှင်းလင်းပွဲမှာတော့ ရိုဟင်ဂျာ၊ ဘင်္ဂါလီစတဲ့ စကားလုံး သုံးနှုန်းတာတွေက လက်တလော ပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘဲ ဒီထက်အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ