အာရှ၁၉နိုင်ငံက မြန်မာသံအမတ်တွေကို ဒေါ်အောင်ဆန်းစုကြည်တွေ့

ဓာတ်ပုံ မူပိုင် AP
Image caption ကိုယ့်နိုင်ငံကို သံတမန်နည်းအရ စောင့်ရှောက်ဖို့ အာရှ ၁၉နိုင်ငံက မြန်မာ သံအမတ်တွေကို ဒေါ်အောင်ဆန်း စုကြည်ပြော

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှနိုင်ငံ ၁၉နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ သံအမတ်တွေကို ဇွန်လ ၁၄ရက်နေ့က ခေါ်ယူ တွေ့ဆုံခဲ့ပြီး မူဝါဒ လမ်းညွှန်ချက်တွေ ကို ရှင်းလင်း ပြောပြခဲ့ပါတယ်။

ကိုယ့်နိုင်ငံကို သံတမန်နည်းအရ စောင့်ရှောက်ဖို့ နဲ့ ကိုယ့်နိုင်ငံသားတွေကို ကူညီ စောင့်ရှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အဓိက ပြောသွားခဲ့တယ်လို့ သိရပါတယ်။

ကိုယ့်နိုင်ငံသားတွေ ဆိုရာမှာ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပမှာ ရောက်ရှိနေပြီး တခြား နိုင်ငံသား ခံယူထားသူတွေလည်း ပါတယ်လို့ ဆိုပါတယ်။

အရင် စစ်အစိုးရ လက်ထက်တွေမှာ ဒီမိုကရေစီရေး လှုပ်ရှား ခဲ့တဲ့အတွက် ပြည်ပကို တိမ်းရှောင် ရောက်ရှိနေပြီး Black List နာမည်မည်း စာရင်းထဲ အထည့်ခံထားရတဲ့ သူတွေမှာ ရာဇဝတ်မှုကြောင့် ပြစ်မှု တစုံတရာ မရှိဘူးဆိုရင် အခု အစိုးရရဲ့ ရက်ပေါင်း ၁၀၀ အတွင်း သက်ဆိုင်ရာ သံရုံးတွေကနေ တဆင့် ပြန်လာလို့ရအောင် စီစဉ် ဆောင်ရွက်ပေးမယ် ဆိုတဲ့ အကြောင်းကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က အရင်လက ပြောကြားပြီးသား ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနက လုပ်ဆောင်သွားမယ့် အချက်တွေကို တိတိကျကျ ပြောထားပြီးသားလည်း ဖြစ်တာကြောင့် ဒါတွေကို သံအမတ်တွေ အနေနဲ့ တိတိကျကျ လိုက်နာဖို့ လိုတယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။