တပ်မတော် ရဟတ်ယာဉ် ပျက်ကျ

  • 14 ဇွန် 2016
Chopper Crash ဓာတ်ပုံ မူပိုင် EPA
Image caption MI 2 လေယာဉ်တွေကို တိုက်ခိုက်ရေးမှာ မသုံးတော့

မြန်မာ့ တပ်မတော်ပိုင် ပိုလန်နိုင်ငံထုတ် MI-2 အမျိုးအစား ရဟတ်ယာဉ်တစ်စီး ဇွန်လ ၁၄ ရက် မနက်က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်းမှာ ပျက်ကျ သွားခဲ့တဲ့ အတွက် ရဟတ်ယာဉ်ပေါ် ပါလာသူ သုံးယောက်လုံး သေဆုံးသွားခဲ့ ပါတယ်။

မိတ္ထီလာကနေ မှော်ဘီကို ထွက်ခွာလာတဲ့ အဲဒီ ရဟတ်ယာဉ်ဟာ ရာသီဥတု ဆိုးရွားတဲ့ အတွက် ပျက်ကျခဲ့တယ်လို့ မြန်မာ့ တပ်မတော်က သတင်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

သေဆုံးသူတွေက ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နဲ့ ရဟတ်ယာဉ် အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်ပြီး မိတ္တီလာ ကနေ မြိတ်မြို့ လေတပ်စခန်းကို ပို့ဆောင်ဖို့ ပျံသန်းနေစဉ်မှာပဲ ဒိုက်ဦးမြို႔ နယ် ထဲက ဂုံညှင်းချောင်းရွာ အနီး လျှိုထဲကို ပျက်ကျခဲ့ တာလို့ တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

လေယဉ် ပျက်ကျတာကို ဒေသခံတစ်ဦးက လာရောက် သတင်းပေးတဲ့ အတွက် သိရတဲ့ အကြောင်း ပျက်ကျတဲ့နေရာကို သွားကြည့်ခဲ့တဲ့ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲမှူး ဒုတိယ ရဲမှူးကြီး လှဦးက ဘီဘီစီကို ပြောပါတယ်။

အခုပျက်ကျ သွားတဲ့ ရဟတ်ယဉ်ကို အရင်က တိုက်ခိုက်ရေးမှာ သုံးခဲ့ပေမဲ့ MI-35 တွေ ဝယ်ယူပြီးတဲ့နောက်မှာတော့ လေ့ကျင့်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ဖက်ကို ပြောင်းလဲသုံးစွဲ လာခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ တပ်တော်လေ ကိုလေယာဉ်တွေ ထပ်မံဖြည့် တင်းလာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ပထမ ၆ လအတွင်းမှာ တပ်မတော် လေယဉ်တွေ မတော်တဆမှု လေးကြိမ် ဖြစ်ခဲ့ပြီး နေပြည်တော်အနီး ပျက်ကျခဲ့တုန်းကလည်း ငါးယောက် သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ