သံတွဲမြို့နယ်က ရေကြီးမှု အခြေအနေ

  • 14 ဇွန် 2016
Image caption သံတွဲမြို့နယ်အတွင်း ရွာပေါင်း ၁၂ရွာက အိမ်ခြေ ၂၁၀ ရေထဲမှာ ပါသွား

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ရေကြီးမှုတွေအတွင်း တစ်ရွာလုံးနီးပါး အိမ်တွေ ရေထဲပါသွားတာ ရှိသလို တစ်ချို့ရွာတွေမှာဆိုရင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းက အစ ရေထဲပါသွားတယ်လို့ သိရပါတယ်။

ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်နေတဲ့ သူဌေးချောင်းဘေးမှာ ရှိတဲ့ ရေကောက်ကျေးရွာ မှာဆိုရင် အိမ်ခြေ ၄၅ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ဆောင်၊ ဇရပ်နှစ်ဆောင်နဲ့ ဘုရားသိမ် တစ်ဆောင် ရေထဲ ပါသွားခဲ့သလို ပုရစ်ကျေးရွာမှာလည်း အိမ်ခြေ ၁၁၅ လုံးရှိရာမှာ အိမ်၄လုံးဘဲ ကျန်ခဲ့ပါတယ်။

ရွာပေါင်း ၁၂ ရွာက အိမ်ခြေပေါင်း ၂၁၀ ကတော့ လုံး၀ ရေထဲမှာ ပါသွားတယ်လို့ သိရပါတယ်။

လောလောဆယ် တပ်မတော်က ဆေးခန်းတွေ ဖွင့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေသလို စားရေးသောက်ရေး အကူအညီတွေကိုတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရ တာဝန်ရှိသူတွေက တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

ရခိုင်ဒေသမှာ အခုချိန်ဟာ မိုးဦးအစပဲ ရှိသေးပြီး နောက်ထပ် မိုးဆက်ရွာရင် ရေထပ်ကြီးနိုင်တာမို့ ပြန်လည် နေရာချထားရေးကို အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အသေအချာ စိစစ်ပြီး အမြန်ဆုံး ပြုလုပ်ပေးဖို့ ဒေသခံ ပြည်သူတွေက လိုလားနေကြပါတယ်။