ဒေါ်စုနဲ့ ယူအဲန်အက်ဖ်စီ တွေ့ရေး ထပ်ညှိဖို့လို

  • 14 ဇွန် 2016
ဓာတ်ပုံ မူပိုင် epa
Image caption နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်နဲ့ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ (UNFC) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင်တွေ တွေ့ဆုံဖို့ နှစ်ဘက်သဘောတူထားပြီး ဖြစ်ပေမယ့် နှစ်ဖက်တွေ့ဆုံနိုင်ရေး ထပ်ပြီး ညိနှိုင်းဖို့ရှိတယ်လို့ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဖက်က ပြောပါတယ်။

ဇွန်လဆန်းက ချင်းမိုင်မြို့ မှာ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ရဲ့ နိုင်ငံရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ DPN တွေ့ဆုံစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ဆွေးနွေးခဲသလို စာနဲ့လည်း အကြောင်းကြား ဖိတ်ကြားခဲ့ ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ (UNFC)က ဥက္ကဌတွေနဲ့ အဖွဲ့တွေ နေပြည်တော်ကို လာရောက်ရင် လက်ခံ တွေ့ဆုံမယ်ဆိုတာနဲ့ DPN က အလုပ်အဖွဲ့တွေ ပြည်တွင်းမှာ လာရောက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ဆိုတာတွေကို ဒေါက်တာတင်မျိုးဝင်းက ဇွန်လ ၁၁ ရက်နေ့မှာ UNFC ခေါင်းဆောင်တွေဆီ အကြောင်းကြားစာပေးပို့ခဲ့ပြီးဖြစ်လို့ တွေ့မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။

UNFC ကတော့ သူတို့အနေနဲ့ မရှင်းလင်းတဲ့ အချက်တွေရှိလို့ ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ ချင်းမိုင်ကို လာရောက်ရှင်းလင်းပေးဖို့ ပြန်ကြားခဲ့တာကြောင့် မကြာခင်ရက်ပိုင်းအတွင် ကော်မီတီဝင်တချို့ သွားရောက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီနောက်မှာ UNFC ခေါင်းဆောင်တွေ နေပြည်တော်ကို လာရေး ဆက်ပြီးဆောင်ရွက်နိုင်မယ့် အနေအထားရှိတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံရေးဟာ ဇူလိုင်လ လောက်မှာပဲ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေကိုလည်း ပြန်ပြင်ရဖို့ရှိနေတော့ ဇူလိုင်ထဲမှာလုပ်ဖို့ မှန်းတဲ့၂၁ ရာစု ပင်လုံညီလာခံဟာလည်း ဒီထက်နောက်ကျပြီးမှ ကျင်းပနိုင်ဖို့ရှိတယ်လို့ နိုင်ငံရေးအကဲခပ်တွေကပြောပါတယ်။