မြန်မာ ကို အာရှဖွံ့ဖြိုးရေး ဘဏ်က ငွေချေးမှု တိုးမြှင့်ပေး

  • 15 ဇွန် 2016
Image caption မြန်မာနိုင်ငံ အစိုးရ ဘက်ကို အကူအညီပေးဖို့ငွေ ဒေါ်လာ သန်း ၉၀၀ နီးပါးကို အတည်ပြု (ဓါတ်ပုံ - ADB)

အာရှဖွံ့ဖြိုးရေးဘဏ် ADB က နှစ်စဉ် ဒေါ်လာ သန်း ၃၅၀ ခန့် ကို မြန်မာ အစိုးရ ရဲ့ စီမံကိန်းတွေ ကို အတိုးနှုန်း သက်သက်သာသာ နဲ့ ထုတ်ချေးကူညီ သွားမယ်လို့ သိရပါတယ်။

ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ တွေ ကိုလည်း နောက်ထပ် ကူညီတာတွေ ADB က လုပ်မယ် လို့လည်း ဆိုပါတယ်။ လာမယ့်နှစ် ၂၀၁၇ က စပြီး နောက်ထပ် ၄ နှစ် ၂၀၂၁ အထိ စုစုပေါင်း ၅နှစ် မှာ ချေးငွေ ထုတ်ပေးမှာပါ။

အရင် က တနှစ်ကိုဒေါ်လာ သန်း ၁၅၀ ထုတ်ပေးမယ်လို့ စီမံထားရာကနေ အခုတော့ တနှစ် ဒေါ်လာ သန်း ၃၅၀ နဲ့ ထုတ်ချေးကူညီသွားမှာ ဖြစ်ပြီး ၅နှစ်မှာ ရမယ့်အကူအညီ က ဒေါ်လာ သန်း ၁၇၅၀ ဖြစ်ပါတယ်။

ADB ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ADBရဲ့မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မစ္စတာ ၀င်းဖရစ် ၀တ်လိန်း က အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းတွေ ကို အဓိက ထားကူညီမယ်လို့ ပြောပါတယ်။

အဓိက ကူညီ ပံ့ပိုးမယ် နေရာတွေက အခြေခံအဆောက်အအုံလုပ်ငန်းတွေထဲမှာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ရေရရှိရေး လုပ်ငန်းတွေ ဖြစ်ပါတယ် ။

ကျန်တာ တွေကတော့ ကျေးလက် ဖွံ့ဖြိုးရေးအတွက် ရေသွင်းတူးမြောင်းဖောက်လုပ်ရေး လိုဟာမျိုးတွေ စိုက်ပျိုးရေးထွက်ကုန်တွေကိုတဆင့်မြှင့်ကုန်ချောထုတ်နိုင်မယ့်လုပ်ငန်းမျိုးတွေ၊ အသက်မွေး၀မ်းကြောင်း သင်တန်းတွေ ဖွင့်တာ မှာ အသုံးချ သွားမယ်လို့ ဆိုပါတယ်။

၂၀၁၂ မှာ ADB ချေးငွေတွေ ပြန်စကတည်းက မြန်မာနိုင်ငံ အစိုးရ ဘက်ကို အကူအညီပေးဖို့ငွေ ဒေါ်လာ သန်း ၉၀၀ နီးပါးကို အတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။

အဲဒီလောက်နီးပါး ပမာဏ ကိုလည်း ပုဂ္ဂလိကပိုင်းနဲ့ တိုက်ရိုက် ကူညီဆောင်ရွက်ဖို့ ADB က အတည်ပြုထားပါတယ်။

အခုလာမယ့် ကာလမှာလည်း ပုဂ္ဂလိကပိုင်းနဲ့တိုက်ရိုက်ဆောင်ရွက်တာ ကို တိုးမြှင့် သွားမှာ တွေအထဲ ဘယ်လိုအလုပ်တွေ ကိုတိုးမြှင့်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ADBရဲ့မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ က အစိုးရနဲ့ မပတ်သက်တဲ့ အလုပ်တွေ ထဲမှာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ငွေချေးမယ့်လုပ်ငန်းတွေ ကို လုပ်မယ်လို့ သိရပါတယ်။

နောက်ပြီးအစုရှယ်ယာ ရင်းနှီးမြှုပ်နှံတာတွေ၊ အာမခံ လုပ်ထားပေးတာ တွေ က တဆင့် အစိုးရ လုပ်ငန်းတွေကို ကူညီ ဆောင်ရွက်သွားဖို့ ရှိတယ် လို့ ပြောပါတယ်။

အခု နောက်ဆုံး တိုးတက်မှုဖြစ်တဲ့ တနှစ် ဒေါ်လာ သန်း ၃၅၀ ချေးငွေနဲ့ပတ်သက်ပြီး သူတို့အခေါ် ခွဲဝေ ကူညီပေးမှုနဲ့ ပတ်သက်ပြီး ပြန်ပေးရမယ့် အစီအစဉ်တွေ အတိုးနှုန်းတွေ၊ အစိုးရဘက် က လိုက်နာ ရမှာတွေ နဲ့ပတ်သက်လို့လည်း မစ္စတာ ၀တ်လိန်း က ကို ၃၂ နှစ် အတွင်း ပြန်ဆပ်ရမှာဖြစ်ပြီး စယူတဲ့ ပထမ ၈နှစ် ကာလမှာတော့ အတိုးနှုန်းက တနှစ် ၁ ရာခိုင်နှုန်းဖြစ်ပြီး၊ ကျန်တဲ့ ကာလမှာတော့ အတိုးနှုန်း က တနှစ် ကို ၁ ဒဿမ ၅ ရာခိုင်နှုန်း နဲ့ ဖြစ်ပါတယ်။

တခြား နှောင်ကြိုးဘာမှ မရှိပဲ အစိုးရ အနေနဲ့ သူတို့ နဲ့ သဘောတူထားတဲ့ အတိုင်း လုပ်မယ့် စီမံချက်တွေအတိုင်းလုပ်ဆောင် သွားရုံပဲလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ ကို ပဲကြည့်ရင်တောင် လိုအပ်ချက်တွေ က အများကြီးပါ။ အေဒီဘီ ရဲ့ ခန့်မှန်းချက် အရ မြန်မာနိုင်ငံ ရဲ့ သယ်ယူပို့ဆောင်ရေး အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံ လမ်းတံတားတွေ အတွက် ပင်လျှင် ၂၀၃၀ အထိ လိုအပ်ငွေ က ဒေါ်လာ ဘီလီယံ ၆၀ ပါ။ မြန်မာနိုင်ငံ အနေနဲ့ အခုလို အေဒီဘီ ကူညီမှုတွေ များစွာ ထပ်ပြီးတော့ လိုအပ်နေဉီးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ