ကွမ်းစားတာ ပိတ်ပင်ဖို့ မူဝါဒ မရှိလို့ ဆို

  • 15 ဇွန် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption အစိုးရ ရုံးတွေမှာတော့ ရုံးချိန်အတွင်း ကွမ်းမစားရ ဆိုတဲ့ ကြေညာချက် ကိုတော့ ထုတ်ပြန်ထား

တိုင်း ဒေသကြီး အချို့က အစိုးရတွေဟာ ကွမ်းယာ ဆိုင်တွေ၊ ကွမ်းရောင်း ချတာတွေကို ပိတ်သိမ်းဖို့ ဆောင်ရွက်မှုတွေ နဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံ ရုံးက ညွှန်ကြားချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

နိုင်ငံနဲ့ အဝှမ်း ကွမ်း စားသုံးတဲ့ ဓလေ့ ပပျောက်ဖို့ အစိုးရက ညွှန်ကြား အပြီးမှာ အခုလို ထပ်မံ ပြီး ထုတ်ပြန် ရတာ နဲ့ ပတ်သက်လို့ ကွမ်းစားသုံးမှု ပိတ်သိမ်း ရေး ဆိုတဲ့ မူဝါဒ မရှိတာကြောင့် ပြန်လည် ကြေညာချက် ထုတ် ရတာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့် ရ ပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောပါတယ်။

ပထမ ထုတ်ပြန်ကြေညာချက်ကြောင့် အောက်ခြေ အဆင့်ဆင့်မှာ ကွမ်းရောင်းချမှု ပိတ်ပင်ဖို့ အထိ ဖြစ်လာတဲ့ အတွက် အခုလို ပြန်လည် ထုတ်ပြန်ရတာ လည်း ဖြစ်ပါတယ်။

ကွမ်းစားသုံးမှု နဲ့ ကွမ်းတံတွေး စည်းကမ်းမဲ့ ထွေးခြင်းတွေလျော့နည်းအောင် လုပ်ရမှာ ဖြစ်ပေမယ့် ဥပဒေကို ကျော်လွန်ပြီး ပြည်သူတွေကို နိုင်ထက် စီးနင်းဆန်တဲ့ ခြိမ်းခြောက်မှုတွေ၊ အတင်း ပိတ်သိမ်း ခိုင်းတာမျိုးတွေ မလုပ် နိုင်အောင် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အစိုးရ ရုံးဌာနတွေ၊ ကျောင်းတွေ နဲ့ အများပြည်သူတွေ အပန်းဖြေ အနားယူ တဲ့ နေရာတွေ မှာ ကွမ်းတံတွေး ထွေး တာနဲ့ ကွမ်းစားသုံးမှု မပြုလုပ်အောင် အစိုးရ အနေနဲ့ ညွှန်ကြားချက် ထုတ်ထားတယ်လို့ ဆိုပါတယ်။

အစိုးရ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ရုံးဌာနတွေမှာ ရုံးချိန်အတွင်း ကွမ်းမစားရ ဆိုတဲ့ ကြေညာချက်မျိုးကိုလည်း ထုတ်ပြန်ထားပြီး ဒါက အစိုးရ အဖွဲ့ အစည်းအတွင်းမှာ ဖြစ်တဲ့ အတွက် ကြေညာချက် ထုတ်လို့ ရတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

ရုံးအနီးအနား နဲ့ ကျောင်းပတ်ဝန်းကျင်မှာ ကွမ်းယာ လွယ်လင့်တကူ ဝယ်ယူ ရရှိမှု မရှိအောင် ရုံး ပရိဝုဏ် အတွင်းမှာ ဆိုင်တွေ မရှိအောင် ကန့်သတ် ပိတ်ပင်လို့ ရတယ်လို့ ပြောပါတယ်။

ကွမ်းတံတွေး မထွေးရ ဆိုင်းဘုတ်တွေ တပ်ဆင်တာ၊ ကျန်းမာရေး ပညာပေး ကိစ္စတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဆိုင်တွေကို ပိတ်သိမ်း ခိုင်းတာမျိုးတော့ လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အမှိုက် နဲ့ ကွမ်းတံတွေး ပြဿနာကြောင့် ကွမ်း စားသုံးမှု ပပျောက်ရေး ကို အဓိက ထား ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ