ဓါတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာသူတွေကို ကွင်းဆင်းစစ်ဆေးမယ်

  • 16 ဇွန် 2016
Image caption စစ်ဆေးရေး အဖွဲ့တစ်ခုကို ကော်မတီဝင် ၁၇ ဦးနဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖွဲ့စည်း

မြန်မာနိုင်ငံ ကျောက်ဖြူကနေ တရုတ်ပြည် ကူမင်းအထိ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ခဲ့ရာမှာ ပျက်စီးသွားတဲ့ မြေယာတွေထဲမှာ လျော်ကြေးမရသေးတဲ့ တောင်သူ လယ်သမားတွေ အများအပြား ကျန်ရှိနေပါသေးတယ်။

အဆိုပါ ကိစ္စတွေကို စိစစ်နိုင်အောင် အစိုးရ တာဝန်ရှိသူတွေ၊ ကုမ္ပဏီ ကိုယ်စားလှယ်တွေ၊ တောင်သူ လယ်သမား ကိုယ်စားလှယ်တွေ သုံးဦးသုံးဘက် ပါဝင်ပြီး ပူးပေါင်း စစ်ဆေးရေး အဖွဲ့ ဖွဲ့တစ်ခုကို အာဏာပိုင်တွေက ပထမဆုံး အကြိမ် ဖွဲ့စည်းလိုက်ပါတယ်။

လျော်ကြေး မရတာတွေ ရှိနေတဲ့ အတွက် အစိုးရ၊ တောင်သူလယ်သမားနဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေ ပါဝင်တဲ့ ကွင်းဆင်း စစ်ဆေးရေး အဖွဲ့တစ်ခုကို ကော်မတီဝင် ၁၇ ဦးနဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖွဲ့စည်းခဲ့တာပါ။

ပိုက်လိုင်း ဖြတ်သန်းရာ ကျေးရွာအုပ်စု ၉ ခုမှာ လယ်မြေတွေကို ကွင်းဆင်း စစ်ဆေးမှာ ဖြစ်ပြီး အရင်တုန်း က လျော်ကြေး ပေးခဲ့တာမျိုး ရှိပေမယ့် ပြည့်ပြည့်ဝဝ မရတဲ့ လူတွေလည်း ရှိတယ်လို့အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ က ပြောပါတယ်။

ပျက်စီးမြေယာတွေနဲ့ အိမ်ယာတွေ ပြောင်းရွေ့ရတာတွေကို စစ်ဆေးတွေ့ရှိခဲ့ရင် သက်ဆိုင်ရာ အစိုးရ အဖွဲ့ကို ဆက်လက် တင်ပြမှာ ဖြစ်ပါတယ်။

ကွင်း ဆင်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့လိုက်ပြီးတဲ့ နောက် လုပ်ငန်း တွေကို ချက်ချင်း ဆောင်ရွက်သွားဖို့ မျှော်မှန်း ထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်ပြည် ယူနန်အထိ ဖေါက်လုပ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ကို ဖြတ်သန်း ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဓါတ်ငွေ့ ပိုက်လိုင်း တစ်လျောက်မှာ မြေယာတွေ အများအပြား ပျက်စီးပြီး လျော်ကြေးမရတာတွေလည်း ရှိနေတဲ့ အတွက် အခုလို သုံးဦးသုံးဘက် ကော်မတီဖွဲ့ပြီး စစ်ဆေးဖို့ လုပ်တာတွေဟာ ဒေသခံတောင်သူတွေ အတွက် အလားအလာကောင်း တစ်ရပ်လို ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ