မေလအတွင်း မူးယစ်မှု စံချိန်တင် ဖမ်းဆီးရမိ

  • 16 ဇွန် 2016
Image caption ကျပ်သိန်းပေါင်း (၇၉၀၃) သိန်း တန်ဘိုးရှိ တဲ့ ဘိန်းဖြူ ဘိန်းမဲ ICE စိတ်ကြွရူးသွပ်ဆေးပြား ဆေးမှုန့်တွေ သိမ်းဆည်း ရမိခဲ့

မူးယစ်ရဲတပ်ဖွဲ့ကနေ မူးယစ်ဆေးဝါးကျဆင်းရေး ဖမ်းဆီးနှိမ်နင်းမှုတွေ ရက် (၁၀၀) အဖြစ် စီမံချက်ချ လုပ်ဆောင်ခဲ့ရာမှာ မေလအတွင်း အမှုပေါင်း (၉၃၀)ကျော် အရေးယူဖမ်းဆီးနိုင်ခဲ့ပါတယ်။

မေလ တစ်လထဲမှာ မူးယစ်မှု နဲ့ ပတ်သက်ပြီး ဖမ်းဆီး ရမိတဲ့ အထဲမှာ အများဆုံး ဖြစ်ပြီး ကျပ်သိန်းပေါင်း (၇၉၀၃) သိန်း တန်ဘိုးရှိ တဲ့ ဘိန်းဖြူ ဘိန်းမဲ ICE စိတ်ကြွရူးသွပ်ဆေးပြား ဆေးမှုန့်တွေ သိမ်းဆည်း ရမိခဲ့ပါတယ်။

အရင်တုန်း က တစ်နိုင်ငံလုံးမှာ ပျမ်းမျှ တစ်လ ကို မူးယစ်မှု နဲ့ ပတ်သက်လို့ တရားခံ ၆၀၀ လောက်သာ ဖမ်းဆီး ရမိခဲ့ရာက မေလ တစ်လတည်းမှာ တရားခံ ၁၄၀၀ ခန့် ဖမ်းဆီး ရမိ ခဲ့တာ ဖြစ်ပါတယ်။

အခုဖမ်းဆီး ရမိတဲ့ တရားခံ အရည်အတွက် အရ အင်မတန်မှ များပြားလွန်းပြီး စိုးရိမ်စရာ အနေအထား ဖြစ်တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာနရဲ့ ဌာနမှူး ရဲမှူးကြီး ရွှေညာမောင် က ပြောပါတယ်။

အဓိက အားဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချရာ လမ်းကြောင်းတွေကို စီမံချက်ထား ပြီး ဖမ်းဆီး ခဲ့တဲ့ အတွက် မူးယစ်မှု တရားခံတွေ ပိုမို ဖမ်းဆီး ရမိတာလည်း ဖြစ်ပါတယ်။

နောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ မူးယစ်ဆေးဝါး ပြဿနာ ပေါ်မှာ အဓိက ကိုင်တွယ် ဖြေရှင်း လာမယ် ဆိုတဲ့ သတင်းတွေကြောင့် မူးယစ်ဆေးဝါးတွေကို စျေးကွက် အတွင်းကို အလျင် အမြန် သယ်ဆောင် ရောင်းချ နေတဲ့ အတွက် ဖမ်းဆီး ရမိမှု များလာတာလည်း ဖြစ်ပါတယ်။

အရင်တုန်း ကတော့ ပြည်ပက တင်သွင်း လာတဲ့ မူးယစ်ဆေးဝါး တွေကိုသာ ဖမ်းဆီး ရမိခဲ့ရာက ပြည်တွင်းမှာပါ ထုတ်လုပ်လာတဲ့ အနေအထား မျိုး အထိ ဖြစ်လာပြီး အဲဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ စိစစ် နေဆဲ ဖြစ်ပါတယ်။

ဘိန်းဖြူ၊ ဘိန်းမဲ၊ စိတ်ကြွရူးသွပ်ဆေးပြား ICE စတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေက ရှမ်းပြည်နယ် ဘက်မှာ ပိုများတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုတွေမှာ လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဆက်နွယ်မှုတွေ ရှိနေပြီး ဘယ်အဖွဲ့ကလည်း တိတိကျကျ သိနိုင်ဖို့ စိစစ်နေဆဲလို့ ရဲမှူးကြီးက ပြောပါတယ်။

ရွှေလီ စစ်ဆေးရေးမှာ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ စက်ရုံတွေကိုလည်း ဖမ်းဆီး ရမိခဲ့ပြီး မူးယစ်မှု နဲ့ ပတ်သက်ပြီး အရေးတကြီး လိုအပ်နေတဲ့ မူးယစ်ရာဇာ ကိုလည်း ဖမ်းဆီး ရမိခဲ့တယ်လို့ ရဲမှူးကြီး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ