ပြင်သစ်က ယူရိုသန်း ၂၀၀ ကူညီမယ်

  • 17 ဇွန် 2016
Daw Aung San Suu Kyi meets French FM ဓာတ်ပုံ မူပိုင် AP
Image caption ပြင်သစ်က မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားမှု ဒေါ်လာသန်း ၅၀၀ ကျော်ပဲရှိ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ် နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး မစ္စတာ Jean-Marc Ayrult ဟာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဇွန်လ ၁၇ ရက် နေ့က တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။

တစ်နာရီနီးပါးတွေ့ဆုံ အပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံကို ယူရိုငွေသန်း ၂၀၀ ကူညီဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ကြေညာလိုက် ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ စီပွားရေး လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ချင်တယ်လို့လည်း ပြင်သစ် ဝန်ကြီးက ပြောခဲ့ပါတယ်။

စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အဦး တည်ဆောက်တဲ့ လုပ်ငန်း၊ ကျန်းမာရေး အခန်းကဏ္ဍတို့ မှာလည်း ဖွံဖြိုးတိုးတက်အောင်ကူညီချင်တဲ့ အကြောင်းနဲ့ အထူးသဖြင့် မြို့ပြဖွံဖြိုးရေး လုပ်ငန်းတွေမှာ ကူညီချင်ပါတယ်လို့ သူက ပြောခဲ့ပါတယ်။

မြို့ပြ ဖွံဖြိုးရေးဆိုရာမှာ အိမ်ဆောက်တာ၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ပြအတွက် ရေသုံးစွဲမှု စီမံခန့်ခွဲရေးတို့ ဖြစ်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဝန်ရုံးက ရန်ကုန်မြို့ပြ ဖွံဖြိုးရေးကို ကူညီဖို့ အဆင်သင့်ဖြစ်နေပြီ လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြင်သစ် ကုမ္ပဏီတွေလာရောက် စုံစမ်းတာ မရှိသေးကြောင်းနဲ့ အခု နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ် ပြီးရင်တော့ စုံစမ်းမှုတွေ ရှိလာ နိုင်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

လောလောဆယ် စွမ်းအင်ကဏ္ဍမှာ Total ရေနံတူးဖော်ရေး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂ ခုနဲ့ စိုက်ပျိုးရေး ကဏ္ဍ တစ်ခုမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ စုစုပေါင်း ပမာဏဟာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်သာ ရှိပါသေးတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ အပြီးမှာ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက သမ္မတ ဦးထင်ကျော်နဲ့ သွားရောက်တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံ လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး ယဉ်ကျေးမှု ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ