ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်လာမယ်

  • 18 ဇွန် 2016
ဓာတ်ပုံ မူပိုင် bbc
Image caption ကချင်၊ ရှမ်း နဲ့ ရခိုင်ပြည်နယ် တွေဆီ ယန်ဒီလီ သွားဖို့ရှိ

မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီလီ ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရ သစ် လက်ထက်မှာ ပထမဆုံး အကြိမ် မြန်မာ နိုင်ငံကို လာရောက် ဖို့ ရှိနေ ပါတယ်။

တိုင်းရင်းသား ဒေသ တွေမှာ ဖြစ်ပေါ် နေတဲ့ အခြေအနေ တွေ အပါအဝင် ၊ အစိုးရ သစ် လက်ထက် လူ့ အခွင့်အရေး လတ်တလော အခြေအနေ တွေကို လေ့လာ နိုင်ဖို့ လာရောက် မှာ ဖြစ်ပါတယ်။

သူဟာ ဇွန်လ ၁၉ ရက်၊ တနင်္ဂနွေ နေ့က နေ ဇူလိုင် ၁ ရက် နေ့ အထိ မြန်မာ နိုင်ငံ အတွင်း ခရီးလှည့်လည်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန ရဲ့ ပြောခွင့် ရ တစ်ယောက် ဖြစ်တဲ့ ဦးကျော်မိုးထွန်းက ဘီဘီစီ ကို အတည်ပြု ပြောခဲ့ ပါတယ်။

မြန်မာ နိုင်ငံ အစိုးရ ဘက်က ဖိတ်ခေါ် ခဲ့တဲ့ မစ္စ ယန်ဟီလီရဲ့ ၁၂ ရက် ကြာ ခရီးစဉ် အတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင် တွေ အပါအဝင်၊ နိုင်ငံရေး နဲ့ လူမှု အဖွဲ့အစည်း အသီးသီး က လူတွေ၊ မြန်မာ နိုင်ငံ အတွင်း အခြေစိုက် လှုပ်ရှား နေတဲ့ နိုင်ငံ တကာ အဖွဲ့ အစည်း က ပုဂ္ဂိုလ် တွေ နဲ့သာ မက လူ့ အခွင့်အရေး ကိုယ်တိုင် အချိုးဖောက် ခံခဲ့ရသူ တွေ နဲ့ပါ တွေ့ဆုံ မှာ ဖြစ်တယ်လို့ မစ္စ ရန်ဟီးလီ က ပြောတယ် ဆိုပြီး ဂျနီဗာ မြို့ မှာ ရုံးစိုက်တဲ့ ကုလသမဂ္ဂ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ ထုတ်ပြန် ချက် မှာ ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရသူတွေ ရဲ့ အခွင့်အရေး နဲ့ လိုအပ် ချက် တွေကို အရေးတကြီး ဦးစားပေး ပြီး ဖြည့်ဆည်း ပေးရမှာ ဖြစ်တယ်လို့ မစ္စ ယန်ဟီလီ က ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ ပြီးခဲ့တဲ့ နှစ် အောက်တို ဘာ လကုန် တုန်းက အစီရင် ခံစာ တင် သွင်း ခဲ့ အပြီး မှာ ပြောခဲ့ပါတယ်။

သူဟာ လတ်တလော တိုက်ပွဲ တွေ ဖြစ်ခဲ့တဲ့ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ရခိုင် ပြည်နယ် တွေ ကို ကွင်းဆင်း လေ့လာ မှာ ဖြစ်သလို ၊ ရန်ကုန် အင်းစိန် အကျဉ်းထောင် ကိုလည်း သွားရောက် ဖို့ စီစဉ် ထားပါတယ်။

အခု နှစ် မတ်လ ထဲမှာ ကုလ သမဂ္ဂ လူ့ အခွင့် အရေး ကောင်စီ ကို တင်သွင်း ခဲ့တဲ့ မစ္စ ယန်ဟီလီ ရဲ့ အစီရင် ခံစာ ထဲမှာလည်း မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပ နိုင်ခဲ့တဲ့ အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောခဲ့ ပေမယ့်၊ ပေါ်ပေါက် လာတဲ့ အစိုးရ သစ် အနေနဲ့ နိုင်ငံတကာ စံချိန် စံညွှန်း တွေ နဲ့ မကိုက်ညီ တဲ့ ဖွဲ့စည်းပုံ အခြေ ခံ အပါအဝင် ဥပဒေ ပိုင်းဆိုင် ရာ ပြုပြင် ပြောင်းလဲမှု တွေ လုပ် ဆောင် ရဦး မှာ ဖြစ်တယ် လို့ အကြံ ပြု ထားပါတယ်။

မစ္စ ယန်ဟီလီ ဘက်က လူ့ အခွင့် အရေး ဆိုင်ရာ အကြံ ပြုထားချက် တွေ နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ ထဲမှာ ဘယ်လောက် အတိုင်းအတာ လက်တွေ့ အကောင် အထည် ဖော် ဆောင်ရွက် နိုင်ခဲ့ သလဲ ဆိုတဲ့ အပေါ် အခု ခရီးစဉ် ထဲမှာ လေ့လာ သွားမယ်လို့ ဂျနီဗာ ထုတ်ပြန် ချက် ထဲ ဖော်ပြ ထားပါတယ်။

အခု ခရီးစဉ် အတွင်း တွေ့ ရှိချက် တွေကို အခြေ ခံပြီး မစ္စ လီ ဟာ အစီရင်ခံ စာ တစ်စောင်ကို လာမယ့် စက်တင်ဘာလ အတွင်း ကျင်းပမယ့် ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ