မတ္တရာ သိမ်းဆည်းမြေ တချို့ ပိုင်ရှင်တွေဆီ ပြန်ပေးမယ်

  • 18 ဇွန် 2016
_paddy_field ဓာတ်ပုံ မူပိုင် bbc
Image caption ကျန်တဲ့ ဧက (၁)ထောင်ကျော်ကိုလည်း ပြန်ပေးနိုင်ဖို့ စိစစ် နေ။

မတ္တရာမြို့နယ်ထဲ သိမ်းဆည်း ခံထားရတဲ့ စိုက်ပျိုးမြေ ဧက ၂၀၀ ကျော်ကို မူလ ပိုင်ရှင် တောင်သူတွေကို ပြန်ပေးမယ်လို့ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

တောင်သူ ၂၂ ဦး လက်ထဲ လွှဲပြောင်းပေးပွဲ တစ်ရပ် ရှေ့လာမယ့် အပတ်မှာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

မတ္တရာမြို့နယ်ထဲ ရေနံ့သာ ကျေးရွာ တဝိုက်က မြေ ဧက ပေါင်း ၁၃ဝဝ ကျော်ကို ဗာဂျီးနီးယား စိုက်ကွင်း အတွက် ဆိုပြီး အရင် အစိုးရ တွေ လက်ထက် စီမံချက်နဲ့ သိမ်းခဲ့ ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်း အဲဒီ့ နေရာမှာ အနာကြီး ရောဂါ ဆေးရုံ ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီသိမ်းဆည်းခံ ထောင်နဲ့ချီတဲ့ လယ်ယာမြေတွေ ပြန်ရဖို့ တောင်သူတွေက ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပြီး ဒီအတွက် တောင်သူ ၂ဝဝ လောက် တရားစွဲ ခံထားရပါတယ်။

အခု လွှဲ ပေးမယ် ဆိုတဲ့ ဧက ၂၀၀ ကျော် ပြီးရင် ကျန်တဲ့ ဧက (၁)ထောင်ကျော်ကိုလည်း ပြန်ပေးနိုင်ဖို့ စိစစ် နေတယ်လို့ မတ္တရာမြို့နယ် မဲဆန္ဒနယ် အမတ် ဦးမင်းမင်းက ဘီဘီစီကို ပြောပါတယ်။

သိမ်းဆည်း မြေတွေထက် သီးစား ဝင် လုပ်ကိုင် နေသူတွေ လည်း ရှိပြီး၊ သူတို့ အနေနဲ့လည်း မြေပိုင် လိုချင် ကြတာမျိုးလို ဖြေရှင်း စရာ ပြဿနာတွေ ရှိနေတယ်လို့ ဦးမင်းမင်းက ဆိုပါတယ်။

လက်ရှိ မှာတော့ မြေပြန်လည် ရလိုတဲ့ တောင်သူတွေ ဘက်က တင်ပြလာတဲ့ ပိုင်ဆိုင်ကြောင်း သက်သေ အထောက် အထားတွေကို စစ်ဆေးပြီး လယ်ယာမြေ ပိုင်ဆိုင်ခွင့် အထောက်အထား ပုံစံ(၇) ကို တိုင်းဒေသကြီး အစိုးရက ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ