မစ္စ ရန်ဟီးလီ ဗုဒ္ဓဟူးနေ့ ရခိုင်ကို သွားမယ်

rohingyas ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုက္ခသည် ၁ သိန်း ၄ သောင်းဟာ ပြိုကျလု နီးနီး အခြေအနေ ဆိုးရွား နေတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေရ။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စ ရန်ဟီလီဟာ လာမယ့် ဗုဒ္ဓဟူး နေ့ ဇွန်လ ၂၂ ရက် မှာ ရခိုင်ပြည်နယ်ကို လာရောက်မှာ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင် တစ်ဦးက ဘီဘီစီကို အတည်ပြု ပါတယ်။

ခရီးစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရ သေးပေမယ့် မစ္စ ရန်ဟီလီ သွားရောက် လိုတဲ့ နေရာတွေ မှန်သမျှ လိုက်လံ ပြသမယ်လို့ ပြည်နယ်ရဲ့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

မစ္စရန်ဟီလီ အနေနဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း စစ်တွေမှာ ရှိတဲ့ ရခိုင်နဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီ သွားရောက် နိုင်ဖွယ် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

မွတ်ဆလင်မ် ဒုက္ခသည်တွေ အရေး လုပ်ဆောင် ပေးမှု တွေ အပေါ် ကြိုဆိုတယ် လို့ သက်ကယ်ပြင် ဒုက္ခသည် စခန်းမှာ နေထိုင် နေသူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

မစ္စ ရန်ဟီလီ လာရောက်တိုင်း ပြည်နယ် အတွင်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လေ့ ရှိတယ် ဆိုပြီး ရခိုင် အသိုင်းအဝိုင်း ထဲက သူတစ်ဦး ကတော့ မှတ်ချက်ချ ပါတယ်။

မစ္စ ရန်ဟီလီဟာ ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာ မွတ်ဆလင်မ်တွေ ခွဲခြား ကန့်သတ် ခံနေရတာတွေ ကို သူ့ရဲ့ အစီရင်ခံစာတွေထဲ ထည့်သွင်း ဖော်ပြ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ဂျနီဗာမှာ ကျင်းပခဲ့တဲ့ လူ့ အခွင့်အရေး ကောင်စီ ညီလာခံမှာလည်း ရခိုင်မှာ ရိုဟင်ဂျာတွေဟာ တစ်မြို့နယ်ကနေ တစ်မြို့နယ် လွတ်လွတ်လပ်လပ် ကူးသန်း သွားလာခွင့် မရှိတာ၊ တရားဝင် စာရွက်စာတမ်း မရှိလို့ ပညာသင်ခွင့် လက်လွှတ် ဆုံးရှုံး နေရတာ အပါအဝင် ဒုက္ခသည် ၁ သိန်း ၄ သောင်းဟာ ပြိုကျလု နီးနီး အခြေအနေ ဆိုးရွား နေတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေရတာ စတဲ့ အချက်တွေကို မစ္စ ရန်ဟီလီက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ