ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် တွေ့ဆုံ

  • 20 ဇွန် 2016
Image caption နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၅ မိနစ် ခန့် တွေ့ဆုံခဲ့

နိုင်ငံခြားရေး ဝန်ကြီးဌါန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလသမဂ္ဂ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီလီး ဟာ ဇွန်လ ၂၀ ရက်နေ့ မနက်က နေပြည်တော် မှာ တွေ့ဆုံခဲ့ ပါတယ်။

မစ္စ ယန်ဟီလီးရဲ့ အခု ခရီးစဉ်ဟာ အရပ်သား အစိုးရ တက်ပြီး ပထမဆုံး လာရောက်တဲ့ ခရီးစဉ် ဖြစ်သလို နိုင်ငံခြားရေး ဝန်ကြီးနဲ့ ၄၅ မိနစ် ခန့် တွေ့ဆုံခဲ့ ပါတယ်။

မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ လူ့အခွင့် အရေး အစီရင်ခံစာပါ အချက် အလက်တွေကို ဆွေးနွေး ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌါန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူ့အခွင့် အရေး ဆိုင်ရာ ဥပဒေများ ကိစ္စ၊ လွတ်လပ်စွာ စုဝေးခွင့် နှင့် အသင်း အဖွဲ့များ ဖွဲ့စည်း ခွင့်၊ စီးပွားရေး၊ လူမှုရေး အခွင့် အရေး များ၊ လူသားချင်း စာနာ ထောက်ထားမှု အကူ အညီများ ပေးအပ် နိုင်ရေး နဲ့ မြန်မာ နိုင်ငံ က ပါဝင်ရန် ကျန်ရှိ နေတဲ့ နိုင်ငံ တကာ လူ့အခွင့် အရေး ဆိုင်ရာ အဓိက စာချုပ်များ သို့ ဝင်ရောက်ရေး ကိစ္စရပ် များ အပေါ် ဆွေးနွေးခဲ့ ကြပါတယ်။

ဇွန်လ ၂၁ ရက်နေ့ မှာတော့ မစ္စ ယန်ဟီလီး ဟာ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့AAPP လူ့အခွင့် အရေး လှုပ်ရှား သူများ ရှေ့နေ ကွန်ယက်က တာဝန် ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

နောက်ရက်တွေ မှာတော့ မစ္စယန်ဟီလီ ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ ရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ လည်း တွေ့ဆုံဖို့ရှိပါတယ်။