ကလေးစစ်သား စုဆောင်းသူတွေကို စစ်တပ် အရေးယူ

  • 21 ဇွန် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ကလေးစစ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး အများဆုံးအရေးယူခဲ့တဲ့ အရေအတွက်လည်း ဖြစ်

အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်မှုထမ်းဖို့ စုဆောင်းခဲ့တဲ့ တပ်သား တွေနဲ့ စစ်တပ် အရာရှိ (၃၈၂)ယောက်ကို စစ်စည်းကမ်းတွေအရ အရေးယူခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တပ်တွင်းက အရာရှိ (၁၀၀) ကျော် နဲ့ အခြားအဆင့် (၂၇၀) ကျော် စုစုပေါင်း (၃၈၂)ဦးကို စစ်စည်းကမ်းတွေအရ အရေးယူခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကလေးစစ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး အများဆုံးအရေးယူခဲ့တဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကနေ စလို့ ပြီးခဲ့တဲ့ (၄)နှစ်တာ ကာလအတွင်း ကလေးစစ်သား စုဆောင်းမှုတွေနဲ့ ပတ်သက်လို့ တပ်တွင်း အရေးယူမှုတွေဖြစ်တယ်ဆိုပြီး ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမျိုးဇော်ဇော်က ပြောပါတယ်။

ကလေးစစ်သား စုဆောင်းမှုတွေနဲ့ ပတ်သက်လို့ အစိုးရစစ်တပ်နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့တွေ ပူးပေါင်းထားတဲ့ CTFMR ခေါ် ကလေးသူငယ်တွေ အပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ ကို စောင့်ကြည့် အစီရင်ခံစာ တင်ပြ နေတဲ့ ကုလသမဂ္ဂ အဖွဲ့ခွဲ တို့ ၂၀၁၂ ခုနှစ် ကနေ စလို့ ပူးပေါင်းဆောင်ရွက်နေပြီး ခုချိန်ထိ ကလေးစစ်သား (၇၄၄)ဦး ပြန်လွှတ် ပေးခဲ့ပြီး ပြီလို့ ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။

ကလေးစစ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က အရေးယူ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်က ပေးတဲ့ စာရင်းတွေ အရသာ သိရှိထားပြီး CTFMR အနေနဲ့ သွားရောက် စစ်ဆေး တာမျိုး မလုပ်နိုင်ဘူးလို့ ယူနီဆက်ဖ် ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခစီမံကိန်း အရာရှိ ကိုမြတ်မင်းသူ က ပြောပါတယ်။

လောလောဆယ်မှာ စစ်တပ်ဘက်က ကလေးစစ်သား စုဆောင်းမှုတွေလျော့ကျလာပြီ ဆိုပေမယ့် အရင်က စုဆောင်းရာမှာ ပါခဲ့တဲ့ ကလေးစစ်သား တွေ ပြန်လွှတ်ပေးဖို့ တော့ ကျန်နေပါသေးတယ်။

ကလေးစစ်သားစုဆောင်းမှုတွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာပါ ရှိနေတဲ့အတွက် စုဆောင်းမှု လျှော့ကျရေးနဲ့ စုဆောင်းပြီးသား ကလေးစစ်သားတွေ ပြန်လွှတ်ပေးရေး လက်နက်ကိုင် (၇)ဖွဲ့ နဲ့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း ယူနီဆက်ဖ် ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ စီမံကိန်း အရာရှိ ကိုမြတ်မင်းသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ