စစ်ရာဇဝတ်မှု မြောက်နိုင်တဲ့ အထိ ရိုဟင်ဂျာတွေ အကျူးလွန် ခံနေရတယ်လို့ ကုလ သတိပေး

_rohingya_muslims
Image caption ရိုဟင်ဂျာ လူနည်းစုတွေရဲ့ အခြေခံ အခွင့် အရေးတွေကို ငြင်းပယ်ထားတဲ့ မူဝါဒနဲ့ ဥပဒေတွေ အသက်ဝင် နေဆဲ ဖြစ်နေ။

မြန်မာ နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်မ်တွေ ကို နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်တာ အပါအဝင်၊ လိင်ပိုင်း အကြမ်းဖက်မှုတွေနဲ့ မတရား ဖမ်းဆီးမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် နေတာဟာ လူသား မျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဆင့်အတန်းမျိုး အထိ ရှိနေနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာရုံးကနေ အစီရင်ခံစာ ထုတ်ပြန် လာတာ ဖြစ်ပြီး၊ အဲဒီ့ အထဲမှာ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားပြီး စနစ်တကျ ကျူးလွန်နေတဲ့ ပုံစံမျိုး တွေ့ရှိ နေရတယ်လို့ ဖော်ပြ ထားပါတယ်။

ရိုဟင်ဂျာ လူနည်းစုတွေရဲ့ အခြေခံ အခွင့်အရေးတွေကို ငြင်းပယ်ထားတဲ့ မူဝါဒနဲ့ ဥပဒေတွေ အသက်ဝင် နေဆဲ ဖြစ်နေတဲ့ အတွက် သူတို့ပေါ် အကြမ်းဖက်မှုတွေ ထပ်မံ ပေါ်ပေါက် လာစေအောင် တွန်းအား ပေးသလိုမျိုး ဖြစ်နေ စေတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ရအာ့ဒ် အယ်လ် ဟူစိန်က ပြောပါတယ်။

ဒါ့ကြောင့် မြန်မာ အစိုးရ အနေနဲ့ ဒီ အခြေအနေတွေကို အဆုံးသတ်နိုင်ဖို့ ခိုင်မာတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ပါ ဆိုပြီးတော့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်း ထားပါတယ်။

မြန်မာ နိုင်ငံ အတွက် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီ မြန်မာ နိုင်ငံကို ရောက်ရှိနေချိန် မှာပဲ အခုလို အစီရင်ခံစာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက် ဗုဒ္ဓဟူး နေ့ကျရင် မစ္စ ရန်ဟီလီရဲ့ ရခိုင် ခရီးစဉ် ရှိနေပြီး ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေဆီ သွားရောက်မယ်လို့ မျှော်လင့် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ