ရှမ်းပြည်ကဒုက္ခသည်စခန်းတချို့ဆီ ယန်ဟီလီ မသွားတော့

  • 21 ဇွန် 2016
Yanghee Lee ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဇွန်လ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ ရှမ်းပြည်နယ် ကျောက်မဲနဲ့ ကွတ်ခိုင်မြို့နယ်က ဒုက္ခသည်စခန်းတွေဆီ သူသွားခွင့် မရဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။

လုံခြုံရေး အခြေအနေကြောင့် မသွားစေချင်တာလို့ အစိုးရ ဘက်က ပြောကြောင်း မစ္စယန်ဟီလီက ပြောတယ်လို့ သူနဲ့ တွေ့ခဲ့တဲ့ ရှမ်းအမျိုးသမီး ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ယိင်းဟာန်ဖက ဘီဘီစီကို ပြန်ပြောပါတယ်။

မစ္စယန်ဟီလီက စစ်ရှောင်စခန်းတွေဆီကိုယ်တိုင်သွားချင်တယ်၊ ဒုက္ခသည်တွေနဲ့ ကိုယ်တိုင် တွေ့ချင်တယ်လို့ ပြောကြောင်းလည်း သူက ပြောပါတယ်။

စစ်ရှောင်ဒုက္ခသည်တွေက ကျောက်မဲမှာ တချို့ကျန်နေသေးပြီး မိုင်းရှူးနဲ့ ဟိုင်းပါဖက်မှာလည်း တစ်ထောင်ကျော် ရှိနေသေးတယ်လို့ ယိင်းဟာန်ဖက ပြောပါတယ်။

လောလောဆယ်မှာတော့ မစ္စယန်ဟီလီက လားရှိုးကို သွားဖို့ စီစဉ်နေပြီး အစီအစဉ် အတိအကျတော့ မသိရသေးဘူးလို့ ယိင်းဟာန်ဖက ပြောပါတယ်။

ရခိုင်ပြည်နယ်ကိုလည်းသွားမယ်
ဓာတ်ပုံ မူပိုင် Photo MOFA
Image caption မစ္စယန်ဟီလီက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူ သိချင်တာတွေကိုမေးခဲ့

မြန်မာနိုင်ငံကို သူရောက်တဲ့နေ့ မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ရာမှာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကြောင်း မစ္စယန်ဟီလီက မေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်လင်းက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းက မွတ်ဆလင်တွေကို နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေးကိစ္စ သက်ဆိုင်ရာက စိစစ်ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့တယ်လို့လည်း ဦးအောင်လင်းက ပြောပါတယ်။

ဒီအစီအစဉ်အရ နိုင်ငံမဲ့တွေ အဖြစ် နိုင်ငံတကာက ပြောနေကြတာကို သူတို့ဟာ နိုင်ငံမဲ့ မဟုတ်ကြောင်း ပြသနိုင်ဖို့ ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အရေးကိစ္စကို ကိုင်တွယ် ဖြေရှင်းရာမှာ ရခိုင်ပြည်နယ်အရေး ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေက လက်မခံနိုင်တဲ့ စကားတွေကို ရှောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မစ္စယန်ဟီလီကို ပြောခဲ့တယ်လို့ လည်းဦးအောင်လင်းက ပြောပါတယ်။

တချို့က ရိုဟင်ဂျာလို့ သုံးတာ မကြိုက်သလို တချို့ကတော့ ဘင်္ဂါလီလို့ သုံးတာ မကြိုက်တဲ့ အတွက် ပြဿနာဖြေရှင်းရာမှာ ပြေလည်စေဖို့ ဒါတွေကို မသုံးသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ