ရခိုင်အမျိုးသားပါတီက မစ္စယန်ဟီလီနဲ့ တွေ့မှာ မဟုတ်

  • 22 ဇွန် 2016
Yanhee Lee ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်နဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို ယန်ဟီလီ သွားခဲ့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီဟာ ဇွန်လ ၂၂ ရက် မနက် ၁၀ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး အစိုးရ အဖွဲ့နဲ့ တွေ့ဆုံခဲ့ ပါတယ် ။

စစ်တွေကို ရောက်ရောက်ချင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ တွေ့ဆုံခဲ့တယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

နှစ်ရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ မစ္စယန်ဟီလီက ပုဏ္ဏားကျွန်း မြို့နယ်အတွင်း မွတ်စလင်တွေ နေထိုင်တဲ့ ကာဒီရွာနဲ့ ကျောက်တော်မြို့နယ် ပညာဝ ကျေးရွာ မှာရှိတဲ ရခိုင် တိုင်းရင်းသား စစ်ဘေးရှောင် ဒုက္ခသည်စခန်းကိုလည်း သွားရောက် ခဲ့တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

မစ္စယန်ဟီလီက ကာဒီရွာ ဒေသခံတွေရဲ့ အခက်အခဲတွေကို မေးမြန်းခဲ့တယ်လို့ အဲဒီရွာက ဒေသခံ တစ်ယောက်က ပြောပါတယ်။

နောက်တစ်နေ့ ကြာသပတေး နေ့မှာ စစ်တွေမြို့က နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူ့အဖွဲစည်းတွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဟောင်း ဦးမောင်မောင်အုန်း အပြင် မြို့ပေါ်က မွတ်စလင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက် ကိုလည်းသွားရောက်ဖို့ ရှိပါတယ်။

ဒါပေမဲ့ မစ္စယန်ဟီလီက ရခိုင်ပြည်နယ်အတွင်း အင်အားကြီးတဲ့ ရခိုင်အမျိုးသား ပါတီ ကတော့ မစ္စယန်ဟီလီက တွေ့မှာမဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန် ပြောထား ပါတယ်။

ကုလသမဂ္ဂနဲ့သူ့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ ရခိုင်တိုင်းရင်းသားတွေ လက်မခံတဲ့ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို တစိုက်မတ်မတ် သုံးစွဲနေတဲ့ အချက်နဲ့ ကုလသမဂ္ဂ ကို တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာတွေဟာ မျှတမှုမရှိဘဲ ဘက်လိုက်တယ်လို့ ရခိုင်အမျိုးသား ပါတီက ထောက်ပြပါတယ်။

ဒါတွေကြောင့် ရခိုင်တိုင်းရင်းသားတွေဟာ အသုံးချခံလို ဖြစ်နေတယ်လို့ ယူဆတဲ့ အတွက် မတွေ့ဖို့ ဆုံးဖြတ်တာလို့ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ