အောင်မင်္ဂလာ ရပ်ကွက်က မွတ်စလင်တွေနဲ့ တံခါးပိတ် ဆွေးနွေးခဲ့

  • 23 ဇွန် 2016
ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption မြန်မာ နိုင်ငံကို လေးကြိမ်မြောက် ရောက်လာတဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ရန်ဟီးလီ

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီ ဟာ ဒီနေ့ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေမြို့ မင်းဂံရပ်ကွက်က ရခိုင် ဒုက္ခသည် စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို မေးမြန်းခဲ့သလို မွတ်ဆလင် ခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်လူမှုရေး အဖွဲ့အစည်း တချို့နဲ့ နိုင်ငံရေး ပါတီတွေကိုတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်က ဖိတ်ကြားခဲ့ပေမယ့် သူတို့က သွားရောက် တွေ့ဆုံတာ မရှိဘူးလို့ သိရပါတယ်။

မြန်မာပြည်ကို လေးကြိမ်မြောက် ရောက်လာတဲ့ မစ္စရန်ဟီးလီ ကို ခုခရီးစဉ် မစခင်မှာ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ ရိုဟင်ဂျာ ၊ ဘဂါလီ စတဲ့ အသုံးအနှုံးတွေကို မသုံးစွဲဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် က ပန်ကြားခဲ့တယ်လို့ သိရပါတယ်။

မစ္စ ရန်ဟီးလီ ဟာ ရခိုင်တိုင်းရင်းသားတွေ ဖက်က မြို့ခံ လူကြီးတွေ အပြင် အရင် ရခိုင် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုံးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စ ရန်ဟီးလီ ဟာ ဒီနေ့ ညနေပိုင်းမှာ စစ်တွေ ကနေ ရန်ကုန်ကို ပြန်ရောက်မှာ ဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်ဖက်ကိုလည်း သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ