ရခိုင်လက်နက်ကိုင်အဖွဲ့ချင်းတိုက်ပွဲဖြစ်

  • 24 ဇွန် 2016
Image caption ရက္ခိုင်တပ်မတော် က ဒီဒေသကို နောက်မှ လာခဲ့တာလို့ ALP ကဆို

မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံးခု ဆုံတဲ့ ပလက်ဝ ဒေသမှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP/ALA ရဲ့ စစ်ကြောင်း တခုကို ရက္ခိုင် တပ်မတော် AA တပ်ဖွဲ့ ဖက်က စတင် ပစ်ခတ် ခဲ့တဲ့ အတွက် တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့ ALP ဖက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း ALP ရဲဘော် တဦးကို AA ဖမ်းဆီးသွားကြောင်းနဲ့ နောက်ထပ် ရဲဘော် တဦးလည်း ပျောက် ဆုံးနေကြောင်း ကြေညာချက်မှာ ဖော်ပြ ပါတယ်။

သူတို့ လူ တဦးကို ဖမ်းဆီး ထားကြောင်း AA ဖက်က အတည်ပြု ပြောခဲ့တယ်လို့ ALP တွဲဘက် အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်း ကဘီဘီစီကို ပြောပါတယ်။

အဲဒီ သုံးနိုင်ငံ ဆုံတဲ့ ပလက်ဝ ဒေသမှာ ALP ဌာနချုပ် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် မှာအခြေ စိုက်တဲ့ တပ်ဖွဲ့ဝင်တွေ ဌာနချုပ်ကို လာတုန်း တိုက်ခိုက် ခံရတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

အဲဒီ ဒေသမှာ ALP အဖွဲ့က အချိန်အတော်ကြာ ကတည်းက အခြေစိုက် နေခဲ့တာဖြစ်တယ်လို့ ခိုင်အောင်စိုးသန်းက ပြောပါတယ်။

အခုလို ရခိုင် လက်နက်ကိုင် အဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်ခဲ့တာကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်မယ် လို့ မျှော်လင့်ကြောင်း ALP ကထုတ်ပြန် ထားပါတယ်။

ရက္ခိုင့်တပ်မတော် AA ဖက်ကလည်း ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းပေးမယ် လို့ သဘောတူ ထားကြောင်း ဦးခိုင်စိုးသန်းက ပြောကြားခဲ့ ပါတယ်။

ခုချိန် အထိတော့ AA ဖက်က ဒီအကြောင်း တစုံတရာ ထုတ်ဖော် ပြောကြားတာ မရှိသေး ပါဘူး။