ပဋိပက္ခဖြစ်ခဲ့တဲ့ ဝေါမြို့နယ် သူရဲသမိန်ရွာမှာ ပြန်လည် တည်ငြိမ်နေ

  • 24 ဇွန် 2016
Mosque attacked in Thayethamein village ဓာတ်ပုံ မူပိုင် epa
Image caption နှစ်ဖက်အသိုင်းအဝိုင်းအတွက် ရဲတွေက လုံခြုံရေး ပေးနေ

ပဲခူးတိုင်း ဝေါမြို့နယ်အတွင်း သွားလာရ ခက်ခဲတဲ့ သူရဲသမိန် ကျေးရွာမှာ ဗလီတစ်ခု ကို အမျိုးသားတစ်စုက ဖျက်ဆီးမှု ဖြစ်ခဲ့ပြီနောက် အခြေအနေတွေ တည်ငြိမ်နေပြီဖြစ် ပါတယ်။

ပဋိပက္ခနဲ့ ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းထား နိုင်ပြီလို့ ဝေါမြို့နယ် ရဲစခန်းမှူးက ပြောပါတယ်။ ဒါပေမဲ့ နှစ်ဖက် အသိုင်းအဝိုင်းက ရွာသားတွေက စိုးရိမ် ထိတ်လန့် နေကြဆဲ ဖြစ်ပါတယ်။

ဗလီ တိုးချဲ့ ဆောက်လုပ်နေတဲ့ အစ္စလာမ် ဘာသာဝင် တစ်ယောက်နဲ့ ရွာသားတွေကြား စကားများကြရာက အခုလို ပြဿနာ ဖြစ်လာခဲ့ရတာလို့ ဒေသခံတွေနဲ့ ကျေးရွာ အာဏာပိုင် တွေက ပြောပါတယ်။

သူရဲသမိန် ကျေးရွာက ဗလီ အဆောက်အဦ တစ်ခု နဲ့ အစ္စလာမ်ဘာသာဝင် တစ်ဦးပိုင်တဲ့ နေအိမ်နဲ့ ဆိုင်ခန်းကို ရွာသား ၂၀၀ လောက်က ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်း လောက်က ဝင်ရောက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ် ဘာသာဝင် ကိုရာရှစ်ဆိုသူက ကျေးရွာသားတွေကို ဆဲဆို ခဲ့တဲ့အတွက် ဒါကို မကျေနပ်တဲ့ ရွာသားတွေနဲ့ အချင်းများပြီး အဆောက်အဦးတွေ ဖျက်ဆီးတဲ့ အထိ ဖြစ်ခဲ့တာပါ။

ကိုရာရှစ်နဲ့ ရွာသား တစ်ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရွာသားတွေကတော့ ဒါဟာ ဘာသာရေး ပြဿနာ မဟုတ်ပဲ ကျေးရွာနေ ကိုရာရှစ် ဆိုသူနဲ့ပဲ အချင်းများတာပါလို့ ပြောကြပါတယ်။

ဒါပေမဲ့ ထိတ်လန့်မှုတွေ ကတော့ ရှိနေသေးတယ်လို့ သူရဲသမိန်ကျေးရွာက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ မကေသီအေးက ပြောပါတယ်။

သူရဲသမိန် ကျေးရွာမှာ အိမ်ခြေ တစ်ထောင်လောက်ရှိပြီး အစ္စလာမ် ဘာသာဝင်တွေရဲ့ အိမ်ခြေကတော့ ၅၀ ဝန်းကျင်လောက်သာ ရှိပါတယ်။

ပဋိပက္ခဖြစ်ပြီး နောက်တစ်နေ့မှာ အဲဒီကျေးရွာကို ပဲခူးတိုင်းဝန်ကြီးချုပ်၊ နယ်စပ်လုံခြုံရေး ဝန်ကြီးနဲ့ ခရိုင် ရဲတပ်ဖွဲ့မှူးတွေ သွားရောက်ပြီး နှစ်ဖက် ဘာသာရေး အသိုင်းအဝိုင်းကို ညှိနှိုင်းပေး ခဲ့ပါတယ်။

လောလောဆယ်မှာလဲ မွတ်စလင်အိမ်တွေနဲ့ ဗုဒ္ဓဘာသာဝင် တွေနေအိမ်ကြား နေရာတွေ လမ်းတွေပေါ်မှာ ရဲတွေက လုံခြုံရေးပေးထားတယ်လို့ ဝေါမြို့ မြို့မ ရဲစခန်းမှူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ