ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝိုင်းဆိုတာကို USDP ကန့်ကွက်

  • 24 ဇွန် 2016
ဓာတ်ပုံ မူပိုင် burmese
Image caption ရခိုင်ပြည်နယ်က တိုင်းရင်းသားပြည်သူတွေနဲ့ ဒေသခံ နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို ရယူသင့်တယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ပြော

ဂျီနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေး ညီလာခံမှာ လက်ရှိအစိုးရက ရခိုင်ပြည်နယ်မှ မွတ်ဆလင် အသိုင်းအဝိုင်းဆိုပြီး ခေါ်ဝေါ်သုံးစွဲဖို့ အကြံပြု တင်ပြချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဇွန်လ ၂၃ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အာဏာရတဲ့ အချိန်က မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိတဲ့ အတွက် ရိုဟင်ဂျာလို့ မခေါ်ပဲ ဘင်္ဂါလီလို့ ခေါ်ဝေါ် သုံးနှုန်းခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှ မွတ်ဆလင် အသိုင်းအဝိုင်းလို့ ခေါ်ဆိုတာဟာ ဒေသခံ တိုင်းရင်းသားတွေ လက်ခံတဲ့ အသုံးအနှုန်း မဟုတ်တဲ့အတွက် တဖက်နဲ့တဖက် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မံ ဖြစ်ပေါ် လာနိုင်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဓိပ္ပါယ် ကောက်ယူမှု လွဲမှားတာတွေ ဖြစ်ပေါ်လာ နိုင်ကြောင်း၊ ဒါ့ကြောင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင် အသိုင်းအဝိုင်းလို့ သုံးနှုန်း ခေါ်ဝေါ်ရာမှာ ရခိုင်ပြည်နယ်က တိုင်းရင်းသား ပြည်သူတွေနဲ့ ဒေသခံ နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို ရယူသင့်ကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာဆိုသူတွေကို ရခိုင်ပြည်နယ်မှ မွတ်ဆလင် အသိုင်းအဝိုင်းလို့ ခေါ်ဝေါ်ဖို့ ဇွန်လ၁၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာ့အစိုးရ ကိုယ်စားလှယ်က တင်ပြခဲ့တာပါ။

အဲဒီညီလာခံ မတိုင်ခင်ကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီ သို့မဟုတ် ရိုဟင်ဂျာလို့ မခေါ်ဝေါ်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်းလို့ ခေါ်ဆိုဖို့ အကြံပြုတာဟာ လက်တွေ့ကျပြီး ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ လုပ်ဆောင်ရာ ကျတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင် ဒုက္ခသည်တွေက သူတို့ကို သူတို့ ရိုဟင်ဂျာလို့ သတ်မှတ် ထားကြပေမယ့် ရခိုင် တိုင်းရင်းသားတွေကတော့ သူတို့ကို ဘင်္ဂါလီလို့ ခေါ်ဝေါ် သုံးစွဲနေပါတယ်။