EU က ယူကေ ထွက်ခွာမှု မြန်မာလည်း ရိုက်ခတ်မှု ရှိနိုင်

  • 25 ဇွန် 2016
Image caption ဗြိတိန် အနေနဲ့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ ရှိ

ယူကေ နိုင်ငံ အနေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲကနေ နှုတ်ထွက်မယ် ဆိုပြီး ဇွန်လ ၂၄ ရက်နေ့က ဆုံးဖြတ်ချက် ထွက်လာခဲ့တဲ့နောက် စတာလင် ပေါင် တန်ဖိုး ကျဆင်း ခဲ့သလို ၊ ယူရိုငွေကြေးလည်း စျေးကွက်ထဲ လှုပ်ခတ် ခဲ့ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့လည်း အမေရိကန်ရဲ့ စီးပွားရေး ဆိုင်ရာ ပိတ်ဆို့ ကန့်သတ် တာတွေကို တင်းတင်းကြပ်ကြပ် ခံခဲ့ရတဲ့ အချိန်တုန်းက ကုန်သွယ်ရေး ကဏ္ဍမှာ အမေရိကန် ဒေါ်လာ အသုံးပြုဖို့ ခက်ခဲ ခဲ့တဲ့ အတွက်၊ ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ ငွေပေးငွေယူ လုပ်တဲ့ အခါယူရို ငွေကြေး ကို အစားထိုး သုံးစွဲခဲ့ပါတယ်။

EU ထဲ ကနေ ဗြိတိန် ထွက်မယ် ဆိုတာ သေချာ သွားတဲ့ အခါ၊ စတော့ရှယ်ယာတွေ၊ နိုင်ငံတကာ ငွေကြေး စျေးကွက် က ငွေလဲလှယ်နှုန်းတွေ လည်း စျေးနှုန်း အတက်အကျ တွေနဲ့ အပြောင်းအလဲ တွေ ဖြစ်ပြီး သိသိသာသာကို တုံ့ပြန် လာတာကို တွေ့ရပါတယ်။

ဒီလို ငွေကြေး မတည် မငြိမ် ဖြစ်တာဟာ၊ ဗြိတိန် နဲ့ အီးယူ မှာတင် မကပဲ၊ နိုင်ငံတကာ အနှံ့ ချိတ်ဆက် တည်ရှိနေတဲ့ ၊ စျေးကွက် တွေ အပေါ် မှာလည်း လာပြီး သက်ရောက်ပါတယ်။

ပေါင်ငွေ တန်ဖိုး ကျဆင်းတဲ့ အတွက်၊ ပေါင်ငွေနဲ့ ဖလှယ်တဲ့ အခါ တခြား ငွေကြေး တွေ အသာစီး ရတယ်လို့လည်း တထစ်ချ မပြောနိုင်ပါဘူး။

အာရှ ကုန်သွယ်ရေး ဘက်ကို ကြည့်ရင်၊ ဂျပန် အနေနဲ့ ယန်းငွေ တန်ဖိုး မြင့် လာမယ် လို့ မျှော်လင့် ထားပေမယ့်၊ ယန်းငွေ လည်း ထိခိုက် ခဲ့ရသလို၊ ဖွံ့ဖြိုးဆဲ စျေးကွက် တွေ က ငွေကြေး တန်ဖိုး တွေလည်း သိသိသာသာ ကျဆင်း ခဲ့ပါတယ်။

အကြောင်းကတော့ ရင်းနှီး မြှုပ်နှံသူတွေဟာ၊ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေမှာ စွန့်စားဖို့ ဝန်လေးပြီး၊ အန္တရာယ် ရှိလိမ့်မယ်လို့ သူတို့ ယူဆတဲ့ နေရာတွေက နေ သူတို့ရဲ့ အရင်းအနှီးတွေ ကို ဆွဲ ထုတ် သွားလို့ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့ အချိန် အမေရိကန် ဒေါ်လာ အတွက် အခက်အခဲ ဖြစ်ခဲ့တုန်း ကတော့ ယူရိုငွေကြေးကို အစားထိုး သုံးစွဲ ခဲ့ရပါတယ်။ လောလောဆယ် မှာလည်း ဗြိတိန် ဥရောပ သမဂ္ဂ အဖွဲ့ဝင် အဖြစ် နှုတ်ထွက်ဖို့ မဲ ရလဒ် ပေါ်ပေါက်ခဲ့တဲ့ အပေါ်မှာ အင်မတန်မှ သတိထား နေရပါတယ်။

မြန်မာ နိုင်ငံမှာ ဗြိတိန် အနေနဲ့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ ရှိတယ်လို့ သိရပါတယ်။ ပို့ကုန် သွင်းကုန် ပိုင်းမှာတော့ မရှိသလောက် နည်းပါးပါတယ်။

မြန်မာပြည်မှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ဖြေလျှော့ချိန် ဖြစ်တဲ့ အတွက်၊ မြန်မာ့ ကုန်သွယ်ရေး အတွက် ငွေပေး ငွေချေ လုပ်ရာမှာ၊ ယူရို ငွေကြေး အပေါ် လုံးလုံးလျားလျား မှီခို ဖို့ မလိုတော့ဘူး လို့ ဗဟိုဘဏ် ရဲ့ ဒုတိယ ဥက္ကဌ အဖြစ် တာဝန် ယူခဲ့ဖူးသူ ဉီးသန်းလွင် က ပြောပါတယ်။

တစ်ဘက်က ကြည့်ရင်လည်း မြန်မာပြည်မှာ၊ မနေ့ကပဲ စတင် ခဲ့ပြီ ဖြစ်တဲ့ နေပြည်တော် ကျောက်မျက် ရောင်းပွဲ မှာ၊ နိုင်ငံခြားသား ဝယ်လက် တွေ ဆီက စပေါ် ငွေ ကို ယူရို ငွေနဲ့ တောင်းတာ တွေ့ရလို့ ပြည်တွင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီ အချက်ကို ကြည့်ရင် ယူရို ငွေကြေးနဲ့ မြန်မာ့ စီးပွားရေး ဟာ ပတ်သက် နေဆဲ ဖြစ်တာကို တွေ့ နေရသလို၊ နိုင်ငံတကာ ငွေကြေး စျေးကွက် မတည်ငြိမ် တာရဲ့ အကျိုးဆက် အနေနဲ့ မြန်မာ ပြည်ထဲမှာ ဒေါ်လာ စျေးလည်း ကျ သွားတာကို တွေ့ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ