ထိုင်းရောက် ဒေါ်စုရဲ့ နောက်ဆုံးနေ့ ခရီးစဉ်

  • 25 ဇွန် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ထိုင်းရောက် ဒေါ်အောင်ဆန်းစုကြည် မြန်မာ အလုပ်သမားအရေး လုပ်ဆောင်ပေးတဲ့ အဖွဲ့တွေနဲ့တွေ့

ထိုင်းနိုင်ငံမှာ သုံးရက်ကြာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့ ဇွန်လ ၂၅ရက်နေ့မှာ နခွန်ပထွမ် မှာ ရှိတဲ့ ထိုင်း အလုပ်သမား စံပြ ကျေးရွာကို သွားရောက် ခဲ့ပါတယ်။

အစောပိုင်းတုန်းက ထမ့်ဟင်မ် မြန်မာ ဒုက္ခသည် စခန်းကို သွားဖို့ စီစဉ် ထားခဲ့ ပေမယ့် ရာသီဥတု အခြေအနေ အရ ခရီးစဉ် ဖျက်ခဲ့ရပါတယ်။

မနေ့ကလည်း ထိုင်းဝန်ကြီးချုပ် အပါအဝင် ထိုင်း အာဏာပိုင်တွေနဲ့ တွေ့ဆုံ ပြီး အလုပ်သမား အရေး အပါအဝင်၊ ထိုင်း- မြန်မာ နှစ် နိုင်ငံကြား စာချုပ်တွေ ချုပ် ဆိုခဲ့ပါတယ်။

သူ့ခရီးစဉ်ရဲ့နောက်ဆုံးနေ့ ဖြစ်တဲ့ ဒီနေ့မှာ ညနေပိုင်းမှာ ဘန်ကောက် မြန်မာ သံရုံးမှာ အလုပ်သမားအရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အခု ထိုင်း ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းရောက် မြန်မာ အလုပ်သမားတွေရဲ့ အရေးကို အာရုံစိုက်ခဲ့သလို အလုပ်သမား အရေး လှုပ်ရှား ဆောင်ရွက်သူတွေနဲ့ တွေ့ဆုံတဲ့ အခါ ပြောကြားချက်တွေကို နားထောင်ခဲ့တဲ့ အပြင် တချိန်တည်းမှာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ကိုလည်း မြန်မာ အလုပ်သမား အရေး မဆိုင်းမတွ အကူအညီ ပေးဖို့ကိုလည်း ညွန်ကြားခဲ့တယ်လို့ တွေ့ဆုံပွဲ မှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့က ဉီးထူးချစ်က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ၀န်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးရက်တာ ခရီးစဉ်ကို အဆုံးသတ်ပြီး ဒီနေ့ ဇွန်လ ၂၅ ရက်နေ့ ညပိုင်းမှာ မြန်မာ နိုင်ငံကို ပြန်လာမယ်လို့ သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ