KNU နယ်စပ် ဂိတ် ပိတ်သိမ်းဖို့ အစိုးရ ညွှန်ကြား

ဓာတ်ပုံ မူပိုင် Reuters
Image caption ဉီးသိန်းစိန် အစိုးရလက်ထက်မှာ KNU တပ်မဟာ ၄ က ရန်ပုံငွေ အတွက် ဆိုကာ နားလည်မှုနဲ့ ဖွင့်လှစ်ခဲ့

KNU မြိတ် ထား၀ယ် ခရိုင် တပ်မဟာ ၄ က ထိုင်း မြန်မာနယ်စပ်မှာဖွင့်လှစ်ထားတဲ့ ထီခီး ဂိတ်ကိုတနင်္သာရီတိုင်း ဒေသကြီးအစိုးရက ပိတ်ဖို့ ညွှန်ကြား လိုက်ပါတယ်။

အဲဒီ နယ်စပ်ဂိတ်ဟာ တနင်္သာရီတိုင်း ဒေသကြီးရဲ့ ထား၀ယ်ဘက် က ထိုင်းမြန်မာ နယ်စပ်မှာ တည်ရှိ ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ် က ဉီးသိန်းစိန် အစိုးရလက်ထက်မှာ KNU တပ်မဟာ ၄ က ရန်ပုံငွေ အတွက် ဆိုကာ နားလည်မှုနဲ့ ဖွင့်လှစ်ခဲ့တာပါ။

ထီးခီးနယ်စပ်ဂိတ်ဟာ တရားမ၀င်ဖွင့်ထားတဲ့အတွက် ၃ ရက်အတွင်းပိတ်ပေးပါဆိုပြီး တနင်္သာရီ တိုင်းဒေသကြီး အစိုးရက ဇွန်လ ၂၃ ရက်စွဲနဲ့ စာကိုပေးပို့ခဲ့တယ်လို့ KNU ဘက် က ပြောပါတယ်။

ချက်ချင်းပိတ်လိုက်ရမယ်ဆိုရင် နယ်စပ်ဂိတ်က ၀င်ငွေနဲ့ ရပ်တည်နေရတဲ့ ထီးခီးဒေသက KNU စစ်သားတွေ အတွက် စား၀တ်နေရေး အခက်အခဲဖြစ်မယ်လို့ KNU တပ်မဟာ ၄ ဆက်ဆံရေးရုံးအ ရာရှိ ဗဒိုစော၀င်းခိုင် က ပြောပါတယ်။

တနင်္သာရီ တိုင်းဒေသကြီးအစိုးရ ကနေ အခုလိုပိတ်ခိုင်းတဲ့ကိစ္စကို KNU မြိတ် ထား၀ယ် ခရိုင် တပ်မဟာ ၄ က ဗဟို ကို တင်ပြ ထားပြီး ဗဟိုရဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်ပြီး သူတို့ ဆက်လက် ရပ်တည်ခွင့်ကို တိုင်းဒေသကြီး အစိုးရနဲ့ ဗဟိုအစိုးရ တွေကို တင်ပြ တောင်းဆို သွားမယ် လို့ သိရပါတယ်။

ထိုင်း တောင်ပိုင်း ပရကျူ၀ပ်ကီရီခန် ခရိုင် ဘက်က စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံး ပစ္စည်းနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ထီးခီး နယ်စပ်ဂိတ် ကို ဖြတ်ပြီး မြန်မာပြည် ထားဝယ်ဘက် ကို ၀င်ပါတယ်။

မြန်မာနိုင်ငံက ဒေသထွက်ကုန် တွေကိုလည်း အဲဒီ ဂိတ် ကနေပဲ ထိုင်းဘက်ကိုပြန်ပြီး တင်ပို့တဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းတခု ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ထီးခီးနယ်စပ်ဂိတ်ကို မပိတ်သေးဘူးလို့ KNU မြိတ်ထား၀ယ်ခရိုင် တပ်မဟာ ၄ ဆက်ဆံရေးရုံး အရာရှိ ဗဒိုစော၀င်းခိုင်ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ