သူရဲသမိန်မှာ ရဲအင်အား တိုးမြှင့် ချထား

_mosque_pegu_ ဓာတ်ပုံ မူပိုင် epa
Image caption မွတ်စလင် တချို့ကတော့ ရွာထဲ မနေရဲလို့ ကျေးရွာ ရဲကင်းမှာ ပြောင်းရွှေ့ နေနေကြဆဲ ဖြစ်ပါတယ်။

ပဲခူးတိုင်း ဝေါမြို့နယ် ၊ သူရဲသမိန် ကျေးရွာမှာ ပြီးခဲ့တဲ့ ကြာသပတေး နေ့ ဇွန်လ ၂၃ ရက်နေ့က က ဘာသာရေး ဆန်တဲ့ ပဋိပက္ခ ဖြစ်ပေါ် ခဲ့တဲ့ နောက်ပိုင်း စနေနေ့မှာ ရဲအင်အား ၁ဝဝ ဝန်းကျင် တိုးမြှင့် ချထား လာပါတယ်။

ရွာခံ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်မ် အသိုင်းအဝိုင်း နှစ်ခု အကြား ညှိနှိုင်း ပြောဆိုတာတွေ ပြုလုပ် နေတယ် ဆိုပြီး ပဲခူးမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဦးဌေးခိုင်က ဘီဘီစီ ကို ပြောပါတယ်။

ကျေးရွာထဲက မွတ်စလင် တချို့ကတော့ ရွာထဲ မနေရဲလို့ ကျေးရွာ ရဲကင်းမှာ ပြောင်းရွှေ့ နေနေကြဆဲ ဖြစ်ပါတယ်။

ရွာထဲမှာလည်း စိုးရိမ် ထိန့်လန့်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

နှစ်ဖက် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းကြား ပြန်လည် နားလည်မှု ရဖို့နဲ့ ရေရှည် အဆင်ပြေဖို့ အချိန်ယူ လုပ်ဆောင် ရနိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လာမယ့် တင်္နလာနေ့ မှာလည်း ဝေါမြို့က NLD လွှတ်တော် ကိုယ်စားလှယ်တွေ သူရဲသမိန် ကိုလာပြီး (၂)ဖက် ကြားဝင် ညှိနှိုင်းပေးဖို့ ရှိနေပါတယ်။

ဝေါမြို့နယ်ထဲ တည်ရှိတဲ့ သူရဲသမိန် ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ အတွင်း ကျေးရွာက ဗလီ အဆောက်အဦ တစ်ခု နဲ့ အစ္စလာမ် ဘာသာဝင် တစ်ဦးပိုင်တဲ့ နေအိမ် နဲ့ ဆိုင်ခန်း တွေကို ရွာသားတွေက ဝင်ရောက် ဖျက်စီးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ