ဧရာဝတီတိုင်းအတွင်း သိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေး

Image caption လယ်ယာမြေ အသိမ်းခံခဲ့ရတဲ့ တောင်သူ လယ်သမားတွေ လယ်ယာမြေ ပြန်ရရေး တောင်းဆို ဆန္ဒပြခဲ့ကြ

ဧရာဝတီတိုင်း ဖျာပုံနဲ့ ပန်းတနော်မြို့နယ်တွေ အတွင်း ယုဇန ကုမ္ပဏီနဲ့ စက်မှုဝန်ကြီး ဌာနတွေက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆၄၀၀ကျော်ကို တောင်သူ ၄၀၀နီးပါးလောက်ကို ပြန်လည် ပေးအပ်လိုက်ပါတယ်။

အရင်အစိုးရတွေ လက်ထက်မှာ သိမ်းထားခဲ့တဲ့ လယ်ယာမြေတွေထဲက ဧရာဝတီတိုင်းထဲမှာ ထောင်နဲ့ချီတဲ့ လယ်ဧက အမြောက်အမြားကို လွှဲအပ်တာကတော့ ပထမဆုံးဖြစ်ပါတယ်။

ဖျာပုံမြို့နယ်မှာ တောင်သူတွေကို ပြန်ပေးတဲ့ လယ်ယာမြေတွေဟာ စက်မှု၂ ဝန်ကြီးဌာနက သိမ်းထားခဲ့တဲ့ လယ်ယာမြေတွေ ဖြစ်ပြီး ပန်းတနော်မှာတော့ ယုဇနကုမ္ပဏီက လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်ကတည်းက သိမ်းဆည်းထားခဲ့တဲ့ မြေတွေ ဖြစ်ပါတယ်။

ဒီလယ်ဧက ၆၄၀၀ကျော်ကို စွန့်လွှတ်ဖို့ ပထမအကြိမ် လွှတ်တော်မှာတုန်းက သဘောတူခဲ့တာ ဖြစ်ကြောင်းနဲ့ လယ်ယာလုပ်ကိုင်သူတွေကို ပြန်လည်လွှဲအပ် တယ်ဆိုပေမယ့် လောလောဆယ် လယ်ယာ လုပ်ပိုင်ခွင့် ယာယီပုံစံ ၃ ကိုပဲ ထုတ်ပေးဦးမှာ ဖြစ်ကြောင်း လယ်ယာမြေတွေ ပြန်ပေးရေး စိစစ်တဲ့ အဖွဲ့မှာပါတဲ့ ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာအုန်းက ဘီဘီစီကို ပြောပါတယ်။

လယ်ယာမြေ ပိုင်ဆိုင်ခွင့် အထောက်အထား ပုံစံ၇ ကို တော့ တစ်နှစ်လောက် ကြာမှ ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု လယ်ဧက ၆၄၀၀ကျော် ပြန်လည်လွှဲအပ်တဲ့ အခမ်းအနားကို ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ပြီး သိမ်းဆည်းခံ မြေယာတွေကို မူလပိုင်ရှင်တွေ မြန်မြန် ပြန်ရဖို့ စနစ်တကျ လုပ်မယ်လို့ ပြောသွားပါတယ်။

အစိုးရသစ်အနေနဲ့ အခု ဒီလယ်ယာမြေတွေကို ပြန်လွှဲပေးနေတာဟာ အစပဲ ရှိနေပြီး တောင်သူတွေအနေနဲ့လည်း မိမိပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေ ပြန်ရဖို့ လျှောက်တဲ့အခါမှာ အချက်အလက် ခိုင်မာပြည့်စုံမှုတွေ မရှိတာတွေ ကြုံနေရတာမို့ လယ်ယာမြေ ပြန်ရဖို့ လျှောက်ထားတဲ့ တောင်သူတွေအနေနဲ့ရော စိစစ်သူတွေအတွက်ပါ နှစ်ဖက်စလုံးမှာ အခက်ခဲတွေ ရှိနေပါတယ်။