ဆဲဗင်းဒေးအပေါ် စစ်တပ်က ကျေအေးပြီ

Image caption တပ်မတော်ရဲ့ တာဝန် ဝတ္တရားတွေ ကို အနှောင့်အယှက် ဖြစ်အောင် သတင်းစာ ဘက်က ရည်ရွယ် လုပ်ဆောင် ခဲ့တာ မဟုတ်ကြောင်း ဆဲဗင်းဒေး ရှင်းလင်း။

ပြည်တွင်း ပုဂ္ဂလိက သတင်းစာ တစ်စောင် ဖြစ်တဲ့ ဆဲဗင်းဒေး နေ့စဉ် သတင်းစာကို မြန်မာ့တပ်မတော်က တရားစွဲ လိုက်တဲ့ အမှုကိစ္စဟာ ၊ တရားရုံးတော် ပြင်ပမှာ နှစ်ဘက် တွေ့ဆုံ ရှင်းလင်း ခဲ့ရာမှ ကျေအေး ပြေလည် သွားပြီ ဖြစ်တယ်လို့ ဆဲဗင်းဒေးက ပြောပါတယ်။

ဆဲဗင်းဒေးမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ဟာ တပ်မတော်ဘက်က စွပ်စွဲခဲ့ သလို တပ်မတော် အတွင်း သွေးကွဲအောင်၊ တပ်မတော်ရဲ့ တာဝန် ဝတ္တရားတွေ ကို အနှောင့်အယှက် ဖြစ်အောင် သတင်းစာဘက်က ရည်ရွယ် လုပ်ဆောင် ခဲ့တာ မဟုတ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဒုတိယ အယ်ဒီတာချုပ် ကိုအားမန်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက သူရ ဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဗိုလ် သင်တန်းဆင်းတွေ ကို ရည်ရွယ်ပြီး ရေးသားခဲ့တဲ့ စာကို ဆဲဗင်းဒေးက ပြန်လည် ကိုးကား ဖော်ပြခဲ့တဲ့ အပေါ် နှစ်လ အကြာမှာ တပ်မတော်ဘက်က တပ်တွင်း ပုန်ကန်မှု ဖြစ်အောင် အားပေးမှု သွေးဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၁၃၁ နဲ့ တရားစွဲ လာတာ ဖြစ်ပါတယ်။

မူလ ရေးသားသူ ဦးရွှေမန်းကိုတော့ တပ်ဘက်က တစုံတရာ အရေးယူ ဆောင်ရွက် လာတာ ကိုတော့ မတွေ့ရပါဘူး။

တပ်မတော်နဲ့ သတင်းစာတို့ ဘက်က သက်ဆိုင်ရာ ကိုယ်စားလှယ် မျက်နှာခြင်းဆိုင် တွေ့ကြဖို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ က ကြားဝင် ဆောင်ရွက်ပေး ခဲ့တဲ့ တွေ့ဆုံမှု အပြီး ပြေလည်မှု ရသွားတာ ဖြစ်တယ်လို့ ကိုအားမန်က ပြောပါတယ်။

ဆဲဗင်းဒေး အနေနဲ့ ဘယ်လို သတင်းမျိုးကို ဖြစ်စေ မှန်မှန်ကန်ကန် မျှမျှတတနဲ့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ အညီ ဆက်လက် ဖော်ပြသွားမယ်လို့ ကိုအားမန်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ