NCA လက်မှတ်ထိုး အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ်

  • 27 ဇွန် 2016
myanmar_peace_drtinmyowin_ ဓာတ်ပုံ မူပိုင် epa
Image caption NCA လက်မှတ်ထိုး အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ကြမှာ ဖြစ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချူပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ဇွန်လ ၂၈ ရက် အင်္ဂါနေ့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

NCA ထဲ လက်မှတ် မရေးထိုး ရသေးတဲ့ အဖွဲ့တွေပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင် လာနိုင်အောင် အစိုးရနဲ့ အတူ နည်းလမ်းတွေ ကြံဆ နိုင်ဖို့ ဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် ပါဝင်မယ့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့က ဗိုလ်မှုးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေး ပွဲ အတွက် မူဘောင်တွေကို ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ပြန်လည် သုံးသပ် နေတဲ့ ဆွေးနွေးပွဲမှာ လက်မှတ် မရေးထိုး ရသေးတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေ ဖိတ်ခေါ် နိုင်ဖို့ ရည်မှန်း ထားတယ် ဆိုပြီး ဗိုလ်မှုးကြီး ခွန်ဥက္ကာက ဆိုပါတယ်။

အခု နေပြည်တော် တွေ့ဆုံပွဲဟာ NCA လက်မှတ်ထိုး အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ယုံကြည်မှု ရှိတယ် မရှိဘူး ဆိုတာ ပြောနိုင်ဖို့ အရင်ဆုံး ပူးပေါင်း ဆောင်ရွက် ကြည့်မှပဲ သိရနိုင်မှာ ဖြစ်တယ်လို့ ဦးခွန်ဥက္ကာက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄နဲ့ ၂၅ ရက်တုန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ရဲ့ ဒုတိယ အကြိမ် ညီလာခံကို ၂ရက်ကြာ ကျင်းပခဲ့ပြီး၊ အဲဒီ ဆွေးနွေးပွဲက ဆုံးဖြတ်ချက် အရ ဒေါ်အောင်ဆန်းစုကြည် ကို အခုလို လာရောက် တွေ့ဆုံ ကြတာ ဖြစ်ပါတယ်။

အခု တွေ့ဆုံမှုကနေ လက်ရှိ အစိုးရ ကြိုးပမ်းနေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ အထမြောက် လာရေး အတွက် အပြန်အလှန် နားလည်မှုတွေ တည်ဆောက် သွားနိုင် လိမ့်မယ်လို့ တိုင်းရင်းသား အဖွဲ့တွေက မျှော်လင့် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ