ကုလ ကိုယ်စားလှယ် သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံ

  • 27 ဇွန် 2016
Image caption ထောင်ကျ ခံနေရတဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်း အမှုကို လည်း လေးငါးကြိမ် ထိ မေးမြန်းခဲ့

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဇွန်လ ၂၇ ရက် နေ့က အင်းစိန်ထောင်ကို သွားပြီး အကျဉ်းသား တွေနဲ့ တွေ့ဆုံ ခဲ့သလို မြန်မာ သတင်း မီဒီယာ ကောင်စီ နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

မစ္စ ယန်ဟီးလီဟာ တနင်္လာနေ့ နေ့လယ် ပိုင်းက ရန်ကုန်မြို့မှာ ရှိတဲ့ မြန်မာ သတင်း မီဒီယာကောင်စီ ရုံးခန်းကို လာရောက် ပြီး သတင်း မီဒီယာ ကောင်စီ အဖွဲ့ဝင်တွေ နဲ့ တစ်နာရီ နီးပါး တွေ့ဆုံ ခဲ့တာပါ။

မြန်မာ မီဒီယာလောက ရဲ့ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှု အခြေ အနေကို သိရှိ လိုတဲ့ အတွက် ဖြစ်တယ်လို့ မြန်မာ သတင်း မီဒီယာ ကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်း က ပြောပါ တယ်။

ဆွေးနွေးပွဲမှာ မြန်မာ သတင်း သမားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးလဲ အထူး အလေးထား မေးမြန်းခဲ့ ပါတယ်။

အထူး သဖြင့် သတင်း သမားတွေ လုံခြုံရေး အပါ အဝင် လက်တစ်လော ထောင်ချ ခံထား ရတဲ့ မန္တလေးက ဘီဘီစီ သတင်းထောက် ကိုနေလင်း အမှုကိုလည်း လေးငါးကြိမ် ထိ မေးမြန်း တာတွေ လည်း ရှိခဲ့ပါတယ်။

မြန်မာ သတင်းမီဒီယာ အနေနဲ့ တိုင်ကြားမှသာ ဖြေရှင်း မယ်လို့ ဥပဒေ ပြဌာန်း ထားတဲ့ အတွက် ဒီအပေါ်မှာလည်း အငြင်းပွား မှုတွေ ရှိနေတဲ့ အကြောင်း မြန်မာ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ရှင်းလင်း ပြောဆို ခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ Hate Speech အမုန်းစကားတွေကို အွန်လိုင်း၊ ဖေ့စ်ဘွတ် တွေမှာ ရေးသား နေတဲ့ ကိစ္စကို မြန်မာ သတင်း မီဒီယာ ကောင်စီက ဘယ်လို ကိုင်တွယ် ဆောင်ရွက် နေသလဲ ဆိုတာကို လည်း မေးမြန်းသွား ခဲ့တဲ့ အပြင် မီဒီယာ ဥပဒေတွေ ကို ပြန်ပြင်ဖို့ ရှိ မရှိ ဆိုတာတွေ ကိုလည်း အလေးထား မေးမြန်း သွားခဲ့ပါတယ်။