ကျိုက်ထီးရိုး ဂေါပကအဖွဲ့ ပြန်ဖွဲ့မယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကျိုက်ထီးရိုး စေတီတော်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ပါလာတဲ့ အချက်အလက်တွေက နိုင်ငံပုံရိပ်ကို ထိခိုက်လာစေနိုင်တယ်လို့ ဆို

မွန်ပြည်နယ် ကျိုက်ထိုမြို့က ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် လက်ရှိ ဂေါပက အဖွဲ့ဝင်တွေကို ယာယီ ဂေါပက အဖွဲ့ဝင်တွေအဖြစ် ဇွန်လ ၂၈ရက်နေ့က စပြီး အဆင့် လျှော့ချလိုက်ပါတယ်။

တစ်နှစ်ကို ဘုရားဖူး သိန်း၂၀ ကျော် လာရောက်တဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့က ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဂေါပက အဖွဲ့ဝင်တွေကို အခုလို အစိုးရဘက်က အရေးယူလိုက်တာဟာ ကျိုက်ထီးရိုး တောင်ပေါ်မှာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတဲ့ အခြေအနေ တွေကြောင့်လို့ ဆိုပါတယ်။

ကျိုက်ထီးရိုး စေတီတော် ဂေါပက အဖွဲ့ရဲ့ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှု လိုအပ်ချက်တွေ ညံ့ဖျင်းမှုတွေနဲ့ ပတ်သက်လို့ တင်ပြတိုင်ကြားလာတာတွေ ရှိခဲ့အပြီး သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ပါဝင်တဲ့ အစည်းအဝေးမှာ ဂေါပက အဖွဲ့ကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြန်လည် ပြင်ဆင် ဖွဲ့စည်းဖို့ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ယဉ်ကျေးမှုနဲ့ သာသနာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့်က ဘီဘီစီကို ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပါလာတဲ့ အချက်အလက်တွေအရ ကိုယ့်ဒေသ ကွက်ကွက်ကလေးတင် မဟုတ်ပဲ တနိုင်ငံလုံးရဲ့ ပုံရိပ်ကိုပါ ထိခိုက်လာစေတဲ့ ဖြစ်ရပ်မျိုး ဖြစ်လာတာကြောင့် ဂေါပက အဖွဲ့ကို ပိုပြီး စနစ်တကျ ပြန်လည် ဖွဲ့စည်းဖို့ လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဂေါပကအဖွဲ့ ကို ပြန်လည် ပြင်ဆင်မှာ ဖြစ်သလို ကျိုက်ထီးရိုး စေတီတော် အနီးက အခန်းတွေ ပိုဆောက်ထားတဲ့ ရိုးရိုးလေးဟိုတယ်ကိုလည်း အခန်းပေါင်း ၁၀၀ ကျော်ကို တစ်လအတွင်း ပြန်ဖျက်ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။

ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့ ဥက္ကဌ ဦးဌေးဝင်းကတော့ ကျိုက်ထီးရိုး စေတီတော်ကို လာတဲ့ ဘုရားဖူးတွေရဲ့ လုံခြုံရေး အပါအဝင် ကိစ္စအရပ်ရပ်ကို ဂေါပက အဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ စျေးသာယာရေး ကော်မတီ တို့ ပေါင်းပြီးမှ လုပ်ရတာ ဖြစ်ပြီး ဂေါပက အဖွဲ့မှာ လုပ်ပိုင်ခွင့် အပြည့်အဝ မရထားကြောင်း ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။

ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့ ပြန်လည် ရွေးချယ်ဖို့ကိုတော့ အစိုးရဖက်က စည်းမျဉ်း စည်းကမ်း ရေးဆွဲပြီး ရှေ့နေချုပ်ရုံးကို တင်ပြပြီးမှ အဲဒီက အကြံပြုချက်နဲ့ အညီ ပြန်လည် ခန့်အပ်မှာ ဖြစ်ပါတယ်။

လက်ရှိ ဂေါပက အဖွဲ့ဝင်တွေကို ယာယီ ဂေါပက အဖွဲ့ဝင်တွေအဖြစ် ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တောင်တက်ကားလမ်းကိုလည်း စေတီတော်ရင်ပြင် အထိ မဟုတ်ပဲ ရသေ့တောင် အထိ လောက်သာ ခွင့်ပြုဖို့ ပြန်လည် သုံးသပ်မှုတွေ လုပ်သွားမယ်လို့ အစိုးရဘက်က ပြောပါတယ်။