လူကုန်ကူးမှု အဆိုးဆုံး နိုင်ငံတွေထဲ မြန်မာပါ

  • 28 ဇွန် 2016
Human Trafficking
Image caption ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေ

လူကုန်ကူးမှု အဆိုးဆုံး ကျူးလွန်နေတဲ့ စောင့်ကြည့်သင့်တဲ့ အဆိုးဆုံး ကမ္ဘာ့ နိုင်ငံတွေ စာရင်းထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့ အမေရိကန်က ဆုံးဖြတ်လိုက် ပါတယ်။

မကြာခင် ထုတ်ပြန်မယ့် အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံမှာ မြန်မာကို အဆင့် ၂ ကနေ အဆင့် ၃ အထိ အနိမ့်ဆုံးကို လျှော့ချမှာ ဖြစ်ပါတယ်။

အဓိကအားဖြင့် လူကုန်ကူးမှုမှာ ပါဝင် ပတ်သက်နေတဲ့ အစိုးရ ဝန်ထမ်း တွေကို အရေးယူဖို့ ပျက်ကွက်တာ၊ ကလေးစစ်သားစုဆောင်းမှု ပပျောက်အောင် မဆောင်ရွက်နိုင်တာ၊ အဓမ္မ လုပ်အားခိုင်းစေ တာတွေ ရှိနေတဲ့ ကိစ္စနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေသေးတာကို လျော့ပါးအောင် ဆောင်ရွက်ဖို့ အစိုးရကို တွန်းအားပေးတာလို့ အမေရိကန် ဘက်က ဆိုပါတယ်။

မြန်မာ နိုင်ငံ ဘက်ကတော့ ပြည်တွင်းပြည်ပ ပညာရှင်တွေ ပူးပေါင်းရေးဆွဲ ထားတဲ့ လူကုန်ကူမှု တိုက်ဖျက်ရေး ဥပဒေအတိုင်း ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူ မေလကုန်ကမှ အငြိမ်းစားယူသွားတဲ့ ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။

လူကုန်ကူးမှုနဲ့ ဆက်နွယ်ကြောင်း ဖော်ထုတ်လို့ရသူတွေကို အရေးယူနေတာတွေ ရှိပြီး ဖော်ထုတ်နိုင်တဲ့အမှုတွေထဲမှာ ဝန်ထမ်းတွေ ပါဝင်ပတ်သက်တာရှားပါးတယ် လို့လည်း သူက ပြောပါတယ်။

စစ်ဆောင်ပနားက အမျိုးသမီးတွေ မြန်မာ နိုင်ငံကို ဖြတ်ပြီးထိုင်းနိုင်ငံကိုသွားတဲ့ ကိစ္စ သတင်းရလို့ တားဆီး အရေးယူခဲ့ရာမှာတော့ ပါဝင်ပတ်သက်သူ တာချီလိတ် ဂိတ်မှာ တာဝန်ကျတဲ့ ရဲဘော် တစ်ယောက်ကိုပါ အရေးယူခဲ့တယ်လို့ အငြိမ်းစား ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။

တကယ်တန်း ပြည်တွင်းမှာ လူကုန်ကူးမှု ပြဿနာကနည်းပါးပြီး အိမ်နီးချင်း ထိုင်း၊ တရုတ်နိုင်ငံတို့နဲ့ ပတ်သက်တဲ့ လူကုန်ကူးမှုတွေ ကိုတော့ ကြားသိတယ် ဆိုရင် စစ်ဆေး တာတွေ ရှိတယ်လို့လည်း သူကဆိုပါတယ်။

မြန်မာနိုင်ငံ လူကုန်ကူးမှု ရဲတပ်ဖွဲ့ အနေနဲ့ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ရာနေရာတွေမှာ ဖြစ်တဲ့ လူကုန်ကူးမှုတွေကို သွားရောက် တားဆီးနိုင်ဖို့က မလွယ်ဘူး လို့လည်း အငြိမ်းစား ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။

၂၀၁၁ မတိုင်ခင်က လူကုန်ကူးမှုအဖြစ် မသင်္ကာတဲ့ ကိစ္စတွေမှာ တားဆီး ပြန်လွှတ်ဆိုတာမျိုး လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာတဲ့ နောက်ပိုင်းမှာ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်ပြုဖို့၊ လမ်းမှာ ရှာဖွေ စစ်ဆေးတာတွေ မလုပ်ဖို့ ညွှန်ကြားထားတာကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ခက်နေကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ