ကာချုပ်နဲ့ အပစ်ရပ်အဖွဲ့တွေတွေ့ဆုံ

Sr General and Ethnic meeting ဓာတ်ပုံ မူပိုင် Sr General Min Aung Hlaing FB
Image caption အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေ ပါဝင်ရေးလည်း တင်ပြ ခဲ့တယ်လို့ဆို

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA အပစ်ရပ် လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ခေါင်းဆာင်တွေနဲ့ ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အပစ်ရပ်နယ်မြေတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ သွားတွေ့တာလို့ NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ထားတဲ့ ချင်းအမျိုးသား တပ်ဦး ဥက္ကဋ္ဌ ပူးဇင်ကျုံး က ပြောပါတယ်။

သဘောတူ လက်မှတ်ရေးထိုးထားတဲ့ NCA စာချုပ်အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်သွားဖို့နဲ့ တစ်ဖွဲ့ချင်းစီနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ လိုတဲ့ ကိစ္စတွေကို သွားရောက် ညှိနှိုင်း ဆွေးနွေးတာလို့ သူက ပြောပါတယ်။

AA ရခိုင်တပ်မတော်၊ MNDAA ကိုးကန့် အဖွဲ့နဲ့ TNLA တအာင်း တပ်ဖွဲ့တွေ အပါအဝင် အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင် လာရေး တို့ကိုတင်ပြ ဆွေးနွေးခဲ့ပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖက်ကတော့ တိုက်ရိုက် ဖြေရှင်းဖို့ ဖြေခဲ့တာ မရှိဘူးလို့ ပူးဇင်ကျုံး က ပြောပါတယ်။

အစိုးရနဲ့ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေ တွေ့ဆုံတဲ့အခါ တပ်မတော်ဖက်က ကိုယ်စားလှယ်တွေလည်း ပါသွားမှာကြောင့် တင်ပြဆွေးနွေးကြမယ့် ညှိနှိုင်းချက်တွေအပေါ် မူတည်နိုင်တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်ရော အစိုးရကပါ NCA လမ်းကြောင်းအတိုင်းပဲ သွားနေတာ တွေ့ရပြီး သူတို့ကြား ကွဲပြားတဲ့ အမြင်မျိုး မမြင်မိဘူးလို့လည်း ဦးပူဇင်ကျုံး က ပြောပါတယ်။

တပ်မတော်ဘက်ရဲ့ သဘောထားက အရင်အစိုးရ လက်ထက်ကအတိုင်းပဲ ရှိနေသေးတာကြောင့် အပစ်မရပ် သေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်နိုင်ဖို့ လက်ခံနိုင်ပါ့ မလား ဆိုတာကတော့ အစိုးရနဲ့ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေ တွေ့ဆုံဖို့ ရှိသေးတာကြောင့် ပြောဖို့ စောသေးတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ