ထိုင်း ဒုဝန်ကြီးချုပ် မြန်မာပြည်ကို လာရောက်

Image caption ထိုင်း နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးလည်း အခု ခရီးစဉ်မှာ လိုက်ပါ လာခဲ့

ဇွန်လ ၂၉ ရက်နေ့ က ထိုင်း ဒုတိယ ဝန်ကြီးချုပ်လည်း ဖြစ် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရာဝတ် ဝုန်ဆူဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော် ကို ရောက်ရှိလာပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံ ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ က ပြန်ရောက်လာပြီး ရက်ပိုင်း အတွင်း ထိုင်းဘက်က ၊ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာဝတ် ဝုန်ဆူဝန် ဦးဆောင် တဲ့အဖွဲ ဟာမြန်မာနိုင်ငံ ကိုရောက်လာတာ ပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း နိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံ သဘောတူ ထားတဲ့ ကိစ္စတွေ အကောင်ထည်ဖော်ဖို့ လာရောက်တာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် ရဲ့ ခရီးစဉ်မှာ နှစ် နိုင်ငံ နယ်နမိတ် တိုင်းတာရေး နဲ့ နယ်စပ်ဒေသတွေ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ထိုင်း တပ်မတော် ပိုင်း က ကြည်းတပ် ဦးစီးချုပ် နဲ့ ဒုတိယ ဦးစီးချုပ် တို့ ပါဝင်တာ တွေ့ရပါတယ်။

ထိုင်း အလုပ်သမား ဝန်ကြီး အပြင် ထူးထူးခြားခြား အဖြစ် ထိုင်း နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးလည်း အခု ခရီးစဉ်မှာ လိုက်ပါ လာခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘက်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ နဲ့ တရားမဝင် ဝင်ရောက် မှုတွေ ကို မြန်မာ အစိုးရနဲ့ ညှိနှိုင်းဖို့ အတွက် လုံခြုံရေး ကောင်စီ အတွင်းရေးမှူး လိုက်ပါလာတာ ဖြစ်ပါတယ်။

ဒီကိစ္စတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ထားဝယ် အထူး စီးပွားရေး ဇုန် တည်ဆောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်ဖို့ ကိစ္စ ကိုလည်း ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

ထိုင်း ဘက် က စီမံ ကိန်းစနိုင်ဖို့ ကြိုးစားနေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး ကို ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း ကို ပြန်လည် သုံးသပ် တင်ပြပေးဖို့ ညွှန်ကြားထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ထိုင်းနိုင်ငံက ဒုတိယ ဝန်ကြီးချုပ် တွေထဲမှာ အခု နေပြည်တော်ကို ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးပရာဝတ် ဝုန်ဆူဝန်ဟာ ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဖြစ်ပြီး ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် တွေမှာလည်း ပင်တိုင် လိုက်ပြ ဆွေးနွေးသူ ဖြစ်ပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် ဟာ သမ္မတ ဦးထင်ကျော် နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွတ်ရေ းကိစ္စတွေ အပြင် မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား အမြန် ပြီးစီးအောင် တည်ဆောက်ရေး၊ ၂၀၁၇ခုနှစ် မှာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ အထိ တိုးမြင့်ရေး တို့ကို ဆွေးနွေး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ