ဒေါ်စုကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ရဲ့ ကိုယ်စားလှယ် လာတွေ့

  • 30 ဇွန် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဘင်္ဂလား ဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ အမ်ဒီ ရှာဟိဒူလ် ဟိတ်ခ် ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို ဒီနေ့ ဇွန်လ ၃၀ရက်နေ့မှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။

မစ္စတာရှာဟိဒူလ် ဟိတ်ခ် ဟာ တပ်မတော် အကြီးအကဲနဲ့လည်း သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ရဲ့ ခရီးစဉ်ဟာ အန်အယ်ဒီ အစိုးရကို ထောက်ခံကြောင်း ပြဖို့ လာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စကို ဒီထက် ပိုမြှင့်ချင်ကြောင်း ၊ လက်ရှိ နှစ်နိုင်ငံကြား လည်ပတ် လုပ်ဆောင်နေတဲ့ ယန္တယားတွေကို ခိုင်ခိုင်မာမာဆောင်ရွက်ချင်တယ်လို့ အထူးကိုယ်စားလှယ်က ပြောသွားကြောင်း ဦးကျော်ဇေယျက ရှင်းပြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား BLO ရုံးတွေ တည်ထောင်သွားချင်ပြီး အဓိက ကတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ချင်တယ်လို့ ဆိုကြောင်း ၊ ရခိုင်နဲ့ ဟိုဘက်မှာ ရှိတဲ့ ပြည်နယ်တွေ ကြားမှာ နှစ်နိုင်ငံ နယ်စပ် ကုန်စည် ကူးသန်း ရောင်း၀ယ်မှု အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားမယ်လို့ ပြောဆို ဆွေးနွေးကြကြောင်း သိရပါတယ်။

နှစ်နိုင်ငံကြား Foreign Office Consulation လုပ်ဖို့ ရှိနေပြီး ဒီလို တွေ့ဆုံဖို့ မနှစ်ကတည်းက ရည်ရွယ်ထားကြတာ ဖြစ်ပေမယ့် ရွေ့လိုက်တာ ဖြစ်ကြောင်း ၊ အဲသလို တွေ့ဆုံနိုင်ဖို့ကို အခုဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ အရေးကို ဆွေးနွေးတဲ့ အထဲမပါပေမယ့် ရည်ညွန်း ကိုးကားချက်တော့ နည်းနည်း ပါကြောင်း ဦးကျော်ဇေယျက ဆိုပါတယ်။

ဒါ့အပြင် အခု ရောက်ရှိလာတဲ့ အထူးကိုယ်စားလှယ် မစ္စတာ ရှာဟိဒူလ် ဟိတ်ခ် ဟာ ဘင်္ဂလား ၀န်ကြီးချုပ် ရှိတ် ဟာစီနာ ပေးလိုက်တဲ့ သ၀ဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ရေပြင်ပိုင်နက် အငြင်းပွားမှု ပြဿနာ ဖြစ်ခဲ့ဖူးသလို နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော် ၀င်ရောက်မှု ၊ အဲဒီမှာ စစ်ရေး လေ့ကျင့်တာနဲ့ စစ်စခန်း တည်ဆောက်မှုတွေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ဖူးပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံတဲ့ အခါမှာတော့ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

အဲဒီ တွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ