မထသ ဖျက်ပြီး ရသအ ဖွဲ့မယ်

  • 30 ဇွန် 2016
yangon
Image caption ဘတ်စ်ကားတွေမှာ စပယ်ယာ ထားတော့မှာ မဟုတ်

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ဗဟို ကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး ရန်ကုန် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ က ရန်ကုန်မြို့တွင်း ခရီးသည် သယ်ယူ ပို့ဆောင်ရေး စနစ်သစ်ကို (၃)လတွင်း အကောင်အထည် ဖော်ဖို့ ရှိပါတယ်။

Yangon Transport Authority အနေနဲ့ လက်ရှိ ဘတ်စ်ကားတွေ စည်းကမ်း မလိုက်နာတာ၊ ယာဉ်လိုင်းများ နေတာတွေ အပြင် နေ့စဉ်ကြုံနေရတဲ့ ယာဉ်ကြော ပိတ်ဆို့တာတွေကို ဖြေရှင်းဖို့ အဓိကထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။

လက်ရှိ ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်း (၃၅၀) ကျော်ကို လိုင်းပေါင်း (၅၀) အထိ လျှော့ချပြီး ပုဂ္ဂလိကပိုင် ဘတ်စ်ကားလိုင်းတွေကို အများပိုင် ကုမ္ပဏီအဖြစ် စုဖွဲ့ဖို့ ရှိနေပါတယ်။

ဘတ်စ်ကားတွေ လျော့သွားမှာ မဟုတ်ဘဲ E-Ticket စနစ် နဲ့ လက်မှတ်ရောင်းပြီး ဘတ်စ်ကားတွေမှာ စပယ်ယာ ထားတော့မှာ မဟုတ်ပါဘူး။

စနစ်သစ်မှာ အီလက်ထရောနစ် စနစ်နဲ့လက်မှတ် ရောင်းမှာ ဖြစ်လို့ လက်ရှိ ကားဟောင်းတွေ နေရာမှာ ကားသစ်တွေ အစားထိုးဖို့ လိုတဲ့ ငွေကို ဒီအဖွဲ့က ထုတ်ချေးပေးမယ်လို့ ရန်ကုန်တိုင်း အစိုးရ သယ်ယူ ပို့ဆောင်ရေး အကြံပေး ဒေါက်တာ မောင်အောင် က ပြောပါတယ်။

စနစ်သစ်မှာ ဘတ်စ်ကားခ တိုးကောက်ဖို့ အစီစဉ် မရှိသေးဘူးလို့ ဒေါက်တာ မောင်အောင်က ပြောပါတယ်။

မထသ ကို အစိုးရ ဦးဆောင်မှုနဲ့ ၁၉၆၂ ကတည်းက စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အသစ်ဖွဲ့မယ့် ရန်ကုန်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ မှာ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယက၊ တိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး၊ ပို့ဆောင်ရေး ဝန်ကြီးတွေ အပြင် တတ်သိပညာရှင်တွေ ပါမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းတွေ သာမက မြို့ပတ်ရထား ပြေးဆွဲတာကို ကြီးကြပ်မယ့် အပြင် လှိုင်မြစ်ကြောင်း နဲ့ ငမိုးရိပ်ချောင်း တလျှောက် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး Water Taxi စနစ် ကိုလည်း လပိုင်းအတွင်း အကောင်အထည် ဖော်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ