ဦးဂမ္ဘီရ ထောင်က ပြန်လွတ်လာ

  • 1 ဇူလိုင် 2016
Image caption ၂၀၀၇ သံဃာ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင်

ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် ကို အမှုအားလုံး အတွက် ခံ၀န်မရှိ ၊ ချွင်းချက် မရှိ ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သူ့ရဲ့ ဥပဒေ အကျိုးဆောင် ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

အခုလို လွတ်မြောက်လာတာဟာ နိုင်ငံတကာ အသံလွှင့် ဌာနတွေ ၊ ကုလသဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူနဲ့ သံရုံး အကူအညီတွေ အပြင် ပြည်ထောင်စု ရှေ့နေချုပ်ရဲ့ အကူအညီ ပေးမှုကြောင့်လို့ သူက ဆိုပါတယ်။

နယ်စပ် ဖြတ်ကျော်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ ၆ လ အကျဉ်းကျနေခဲ့တဲ့ ကိုညီညီလွင်ကို သူလွတ်ဖို့ ရက်ပိုင်းအလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့ ခေါ်လာကာ အမှုတွေ ထပ်မံ စွဲတင်ခဲ့ပေမယ့် ဒီနေ့ ဇူလိုင်လ တရက်နေ့မှာ ချွင်းချက် မရှိ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြန်လွတ်လာအောင် အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြောဆို ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

လက်ရှိမှာတော့ သူ့အနေနဲ့ ကျန်းမာရေး လိုအပ်ချက်အရ တနေ့ ဆေးသုံးကြိမ် သောက်နေရပြီး အခုလို လွတ်လာလိမ့်မယ်လို့ မထင်ဘူးလို့ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင်က ပြောပါတယ်။

မနေ့တုန်းက အရင် တင်ထားတဲ့ စွဲချက် အဟောင်းတွေနဲ့ ပြန်တင် ခံခဲ့ရတာကြောင့် ဒီအမှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

သူအမှု ရင်ဆိုင်နေရတဲ့ တရားရုံးတွေက ဗဟန်းနဲ့ သံလျင် တရားရုံးတွေ ဖြစ်ပြီး ဒီနေ့ တရားရုံးရောက်တဲ့ အခါကျမှ သူလွတ်မယ် ဆိုတာကို သိရတယ်လို့ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် က ဆိုပါတယ်။

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ဟီးလီ နဲ့ တွေ့တဲ့ အခါ သူကို ထောင်ထဲက ကိစ္စတွေ မေးမြန်းခဲ့ပြီး ထောင်ထဲမှာ အရင်လို နှိပ်ကွပ်မှုတွေ ရှိသေးလားလို့ မေးခဲ့ကြောင်း ၊ အဲဒီ အခါမှာ သူက ပြန်ပြီး အရင်လို မဟုတ်တော့ဘူးလို့ ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မစ္စ ရန်ဟီးလီဟာ နေပြည်တော်မှာ သက်ဆိုင်ရာ အရာရှိတွေကို တွေ့ခဲ့တုန်းက ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် ကိစ္စ အပြင် သူ့ကျန်းမာရေး အခြေအနေကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မစ္စ ရန်ဟီးလီ ဟာ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် သာ အင်းစိန်ထောင်ထဲမှာ ရှိသေးရင် လာတွေ့ဖို့ စီစဉ် ထားပေမယ့် အခုလို သူလွတ်လာတဲ့ အတွက် အပြင်မှာဘဲ တွေ့ခဲ့ကြကြောင်း ၊ အခုလို လွတ်လာတဲ့ အတွက် ၀မ်းသာကြောင်း ပြောခဲ့တယ်လို့ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင်က ပြန်ပြောပြပါတယ်။

ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် အနေနဲ့ ရှေ့ဆက်ပြီး နောက်သုံးနှစ်လောက် ဆေးဆက်သောက်ရအုံးမှာ ဖြစ်ပြီး အဲဒါတွေ ပြီးမှာ နိုင်ငံရေး ဆက်လုပ်ဖို့ စဉ်းစားမယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ