အစိုးရ ယန္တယား အဆင့်တိုင်းမှာ လူ့အခွင့်အရေး လိုက်နာဖို့ ယန်ဟီးလီ တိုက်တွန်း

  • 1 ဇူလိုင် 2016
_yanghee_lee_ ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption အစိုးရသစ်နဲ့ အုပ်ချုပ်ရေးပိုင်းက လူဟောင်းတွေကြား တင်းမာမှုတွေ ရှိနေတာကိုသတိထားမိ။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ဒီမိုကရေစီ ကျင့်သုံးစ မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ အစိုးရ ယန္တရား အဆင့်ဆင့်မှာ အသေအချာ ပြဌာန်း ကျင့်သုံး သင့်တယ် ဆိုပြီး ပြောကြား လိုက် ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် အနေနဲ့ မစ္စယန်ဟီးလီး မြန်မာ နိုင်ငံကို သီတင်း နှစ်ပတ် နီးပါးကြာ လာရောက် လေ့လာ ခဲ့အပြီး ဇွန်လ ၁ ရက် နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အခုလို တိုက်တွန်း ခဲ့တာပါ။

နိုင်ငံတကာ အနေနဲ့လည်း မြန်မာပြည်နဲ့ စီးပွားရေး၊ နိုင်ငံရေး ထိတွေ့ ဆက်ဆံရာမှာ လူ့အခွင့်အရေး ကိစ္စတွေကို မသိကျိုးကျွံ မပြုသင့်ဘူး လို့ မစ္စ ယန်ဟီးလီက ပြောပါတယ်။

အစိုးရသစ်နဲ့ အုပ်ချုပ်ရေးပိုင်းက လူဟောင်းတွေကြား တင်းမာမှုတွေ ရှိနေတာကို သူ့ရဲ့ ခရီးစဉ် အတွင်း သတိထား မိတယ်လို့လည်း မစ္စ ယန်ဟီးလီက ဆိုပါတယ်။

ဒါ့အပြင် သူရဲ့ ခရီးစဉ် အတွင်း ဒေသခံတွေနဲ့ မေးမြန်း ပြောဆို နေချိန်တွေမှာ အသံ ဖမ်းယူတာတွေ ရှိတယ်လို့ မစ္စယန်ဟီးလီးက ပြောပါတယ်။

အစိုးရ ပြောင်းသွားပေမယ့် လုံခြုံရေး ဘက်က အာဏာပိုင်တွေ ထောက်လှမ်းရေးတွေဟာ အရင်လူတွေနဲ့ အတူတူပဲ ဖြစ်နေပြီး၊ ဒီအနေအထားတွေ မပြောင်းလဲဘဲ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ မရှိဘူးလို့ မစ္စရန်ဟီးလီက ဆိုပါတယ်။

Image caption ရိုဟင်ဂျာလို့ပဲ မစ္စ ယန်ဟီးလီ ဆက်ခေါ်မယ်။

တခါ၊ မြန်မာ အစိုးရက သုံးစွဲ ခေါ်ဝေါ်မှာ မဟုတ်ဘူး ဆိုပြီး ပြောထားတဲ့ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရ နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လူမျိုးစု ကို ရိုဟင်ဂျာ အနေနဲ့ပဲ သူ့ဘက်က ဆက်လက် ရည်ညွှန်း ခေါ်ဝေါ် မှာ ဖြစ်ပြီး၊ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး ထုံးတမ်းတွေနဲ့ အညီ ဖြစ်တယ်လို့ မစ္စ ယန်ဟီးလီက ပြောပါတယ်။

ရိုဟင်ဂျာနဲ့ ကမန်တွေကို လွတ်လပ်စွာ ခရီးသွားလာခွင့် မပြုဘဲ တားမြစ်ထားတာ ဘယ်လို အကြောင်းကြောင့်မှ မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

အစိုးရရဲ့ နိုင်ငံသား စိစစ်ရေးမှာလည်း အရင်က ရခဲ့သူတွေနဲ့ ရခဲ့သူတွေရဲ့ မျိုးဆက်တွေကို ပြန်စိစစ်နေတာကို စိတ်ပျက်တဲ့ အကြောင်း သူ့ကို ပြောကြတယ်လို့ ဆိုပါတယ်။

နိုင်ငံသား အခွင့်အရေး ရထိုက်သူတွေကို မခွဲခြားဘဲ ရရှိအောင် ဆောင်ရွက်ပေးဖို့ အစိုးရကို သူက တိုက်တွန်းပါတယ်။

ဘာသာရေး အရ လူနည်းစုကို ဖိနှိပ်ဆက်ဆံတယ်၊ အမုန်းတရား ဖြန့်ဖြူးနေတာတွေ ရပ်တန့်ဖို့ နိုင်ငံရေး ခေါင်းဆောင်တွေ ဘက်က ထုတ်ဖော် တောင်းဆိုဖို့ လိုတယ်လို့လည်း မစ္စ ယန်ဟီးလီးက ဆိုပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေ အခြေအနေတွေ သိသိသာသာ ပြောင်းလာတာ မတွေ့ရသေးဘဲ၊ ဆင်းရဲ မွဲတေမှု လျော့ကျပြီး ရေနဲ့ သန့်ရှင်းရေး အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေ ကောင်းလာအောင် ဆောင်ရွက်ဖို့ လိုသေးတယ်လို့ ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့တဲ့ မစ္စ ရန်ဟီးလီက ပြောပါတယ်။

သိမ်းဆည်းခံ မြေ ဧက ၇ ထောင်ကို အစိုးရက ပြန်ပေးနိုင်အောင် စီစဉ် နိုင်ခဲ့တဲ့ အပေါ် မှာတော့ သူက ချီးကျူးပြီး ဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်း ခဲ့ပါတယ်။

Image caption ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ဆိုးရွား။

ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ လုပ်ကိုင်နေရသူ တွေ ရဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်တွေနဲ့ ဥပဒေ စိုးမိုးမှု မရှိတာတွေကိုလည်း သူက ထောက်ပြပါတယ်။

ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေမှာ ကလေးတွေ ပညာရေး အတွက် အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ မဖွင့်နိုင်တာမျိုးနဲ့ မူလတန်း ပညာရေးတောင် ကောင်းကောင်း မပေးနိုင်တာတွေ မဖြစ်သင့်ဘူး လို့ သူက ဆိုပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ၂ ဘက်လုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကလည်း ပြောင်းလဲ တိုးတက်လာတာ မတွေ့ရဘူးလို့ မစ္စ ယန်ဟီးလီက မှတ်ချက် ချပါတယ်။

ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ပွဲဖြစ်နေတဲ့ နေရာ တချို့ကို သူသွားကြည့် ချင်ပေမယ့် ကြည့်ခွင့် မရခဲ့ဘူးလို့လည်း သိရပါတယ်။

ဒီနှစ်ကုန်မှာ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို ကုလ သမဂ္ဂကို တင်သွင်း သွားမယ်လို့ မစ္စ ယန်ဟီးလီးက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ