မြန်မာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး အခြေအနေကို ကုလကော်မတီက ဆန်းစစ်မယ်

_burma_women ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသမီးတွေရဲ့ လူမှုဘဝ မြင့်မား တိုးတက်ဖို့ အတွက် အစိုးရက ဘာတွေ လုပ်ပေး နေလဲ ဆိုတာကို ကုလကော်မတီက သိလိုပါတယ်။

အမျိုးသမီးတွေ အပေါ် ခွဲခြားဆက်ဆံမှု ချုပ်ငြိမ်းရေး ကုလသမဂ္ဂ ကော်မတီ (CEDAW) ရဲ့ ၆၄ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၄ ရက် နေ့က စလို့ ဇူလိုင် ၂၂ ရက်နေ့ အထိ ဂျနီဗာ မြို့မှာ ကျင်းပ သွားဖို့ ရှိနေပါတယ်။

ဒီ ကော်မတီ အစည်းအဝေး တွေ မှာ မြန်မာ အပါအဝင် နိုင်ငံ ၉ နိုင်ငံက အမျိုးသမီးတွေ တွေ့ကြုံ ခံစား နေရတဲ့ အခြေအနေ တွေကို သုံးသပ် ကြမှာ ဖြစ်ပါတယ်။

မြန်မာ အမျိုးသမီးတွေ ရဲ့ အခြေအနေကို ဇူလိုင် ၇ ရက် နေ့မှာ ကော်မတီဘက်က သုံးသပ်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ရုံးက ထုတ်ပြန် ထားပါတယ်။

အမျိုးသမီးတွေ အပေါ် ခွဲခြားဆက်ဆံတဲ့ ပုံစံတွေ အားလုံး ပပျောက်ရေး ကုလသမဂ္ဂ သဘောတူညီမှု ပဋိညာဉ် ထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင် နေတာကြောင့် ပဋိညာဉ်ပါ အချက်တွေကို မြန်မာ နိုင်ငံဘက်က ဘယ်လောက် အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက် သလဲဆိုတဲ့ အပေါ် ကော်မတီ အနေနဲ့ ဆန်းစစ် သုံးသပ်မှုတွေ အမြဲတမ်း ပြုလုပ် နေတယ် လို့ ကုလသမဂ္ဂက ဆိုပါတယ်။

မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ နဲ့ ကော်မတီ အကြား ဒီတခေါက် ဆွေးနွေး ကြမယ့် အကြောင်းအရာ တွေထဲ ခွဲခြား ဆက်ဆံ ခံခဲ့ရတဲ့ အမျိုးသမီး တွေ အနေနဲ့ ဥပဒေကြောင်း ဆိုင်ရာ အကာအကွယ် ရရှိနိုင်ဖို့ အထောက်အပံ့တွေ ရှိမရှိ၊ အမျိုးသမီးတွေရဲ့ လူမှုဘဝ မြင့်မား တိုးတက်ဖို့ အတွက် မြန်မာ အစိုးရ ဘက်က တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဘယ်လိုမျိုး စီမံကိန်းတွေ ချမှတ် ဆောင်ရွက် နေသလဲ ဆိုတာနဲ့ ၁၉၈၂ နိုင်ငံသား ဥပေဒကို ပြန်လည် သုံးသပ်ရေး အတွက် ဘာတွေ လုပ်ဆောင် ထားသလဲ စတဲ့ အချက်တွေ အပါအဝင် အကြောင်းချင်းရာ ကိစ္စ တော်တော်များများ ပါဝင် မှာ ဖြစ်ပါတယ်။

CEDAW ကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ ထဲ အမျိုးသမီးအခွင့်အရေး အတွက် လှုပ်ရှားနေတဲ့ NGO အဖွဲ့တွေလည်း တက်ရောက်ဖို့ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ့ NGO တွေဘက်က တင်ပြ ချက်တွေကိုလည်း ကော်မတီက ကြားနာ သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ