မြန်မာပြည် အထက်ပိုင်းနဲ့ ရခိုင်မှာ မိုးကြီးပြီး မြစ်ရေတိုး

  • 5 ဇူလိုင် 2016
_chindwin_river ဓာတ်ပုံ မူပိုင် AP
Image caption ချင်းတွင်း မြစ်ညာပိုင်း စိုးရိမ်ရေမှတ် ရောက်နေ။

မြန်မာ နိုင်ငံ အထက်ပိုင်းမှာ မိုးသည်းထန် နေတဲ့ အတွက် ချင်းတွင်းနဲ့ ဧရာဝတီ မြစ်ရေတွေ တိုးနေပြီး တချို့ မြို့ရွာတွေ မှာ ရေကြီးနေ သလို၊ တချို့ နေရာ တွေမှာလည်း စိုးရိမ် ရေမှတ်တွေ ရောက် နေပြီလို့ ပြည်တွင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဟုမ္မလင်းနဲ့ ဖောင်းပြင် မြို့နယ်တွေ မှာ ချင်းတွင်း မြစ်ရေဟာ စိုးရိမ် ရေမှတ် ကျော်လာပြီ ဖြစ်တဲ့ အတွက် အစိုးရက သတိပေးချက် ထုတ်ပြန် ထားရသလို၊ ကလေးဝ မှာလည်း ရေတွေ တိုးလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို မြစ်ညာပိုင်း ဒေသတွေမှာ မိုးကြီးမှု ကြောင့် လာမယ့် ရက်တွေ မှာ ဆိုရင် မြစ်အောက်ပိုင်း က မြို့တွေမှာပါ ရေကြီး ရေလျှံတာတွေ ဖြစ်လာဖွယ် ရှိတယ်လို့ ခန့်မှန်း ထားကြပါတယ်။

တခါ၊ ရခိုင် ပြည်နယ် ကို ကြည့်ပြန် ရင်လည်း မိုးဆက်တိုက် ရွာနေတဲ့ အတွက် ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား မြို့နယ် တွေထဲက ရွာတွေ ရေမြုပ် နေပြီး၊ ရေဘေး ဒုက္ခသည် သောင်းနဲ့ချီ ရှိနေပါတယ်။

မြို့ပေါ်တွေ မှာ ဒုက္ခသည် စခန်းတွေ ဖွင့်လှစ် ထားပြီး၊ လိုအပ်တဲ့ စားနပ် ရိက္ခာနဲ့ သောက်ရေသန့်တွေကို ရန်ကုန်က နေ စစ်တွေကို လေယာဉ်နဲ့ ပို့ဖို့ အစိုးရက စီစဉ် နေပါတယ်။

သွားလာရေး ခက်ခဲတဲ့ ရွာတွေ အထိ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်း တွေ ရောက်ရှိ နိုင်ဖို့ လိုအပ် နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ