၂၁ ရာစု ပင်လုံ ညီလာခံ သြဂုတ်လ မကုန်ခင် ကျင်းပမယ်

  • 5 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် State Councillor office
Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

(၂၁) ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြို ပြင်ဆင်ရေး ကော်မတီ နှစ်ခုနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီး အရေးကြီးတဲ့ မူဝါဒ တချို့ ချမှတ် နိုင်ခဲ့ပါတယ်။

ပင်လုံ ညီလာခံ အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ ၂ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ နေပြည်တော်မှာ သုံးနာရီ နီးပါး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုလည်း တက်ရောက် ဆွေးနွေး ခွင့်ပြုမယ်လို့ မူဝါဒ ချမှတ် လိုက်ကြောင်း ၊ သူတို့ဟာ ဒီညီလာခံကို တက်ရောက်ခွင့်ရပေမဲ့ မဲပေးခွင့်တော့ ရမှာ မဟုတ်ဘူးလို့ ကော်မတီ အဖွဲ့ဝင် ဒေါ်ဒွဲ့ဘူက ပြောပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရဖက်က ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို မေးကြည့်ရာမှာ တပ်မတော်ဖက် ကလည်း လက်ခံကြောင်း ၊ အရင်တခေါက် ငြိမ်းချမ်းရေး ညီလာခံ တုန်းက အားလုံးကို ဖိတ်ကြားခဲ့ပေမယ့် အန်စီအေ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တက်ပြခွင့် မရှိလို့ သူတို့ မတက်ရောက်ခဲ့တာလို့ ဒေါ်ဒွဲ့ဘူက ရှင်းပြခဲ့ပါတယ်။

အခုတခေါက်မှာတော့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အတွေနဲ့ တင်ပြခွင့် ရှိတယ် ဆိုတဲ့ အချက်ကို တပ်မတော် ဖက်က ဖြေလျော့ပြီး လက်ခံ သဘောတူခဲ့တယ်လို့ သူက ပြောပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကတော့ ရွေးကောက်ပွဲမှာ လုံးဝ အနိုင်မရရှိတဲ့ နိုင်ငံရေး ပါတီတွေ အားလုံးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ငါးယောက်ကို ညီလာခံ တက်ရောက် ခွင့်ပြုမယ်လို့လည်း ဒေါ်အောင် ဆန်းစုကြည်က မူဝါဒ ချမှတ်လိုက်ကြောင်း ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးခွန်မောင်သောင်းက ပြောပါတယ်။

( ၂၁ ) ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဩဂုတ်လကုန် နောက်ဆုံးထား ကျင်းပ မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ